ပြည်နယ်နှင့် တိုင်း ၄ ခုတွင် လေဆင်နှာမောင်းတိုက်ပြီး အိမ်ရာချီ ပျက်စီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်၊ မွန် ပြည်နယ်များနှင့် ရန်ကုန်နှင့် ပဲခူးတိုင်းဒေသ ကြီးတို့တွင် လေဆင်နှာမောင်းများ တစ်ပြိုင်တည်း ပြင်းထန်စွာ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ဒေသအသီးသီးရှိ လူနေအိမ်နှင့် ဌာနဆိုင်ရာ အဆောက်အအုံ ရာနှင့်ချီ ထိခိုက်ပျက်စီးသွားခဲ့သည်။
အဆိုးရွားဆုံး ထိခိုက်ခဲ့သည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ပိန်းတောကြီးကျေးရွာတွင် ဇူလိုင် ၅ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ရွာရှိအိမ်ခြေ ၂၀၀ အနက် အိမ်ခြေ ၄၅ ဆောင် လုံးဝ ပြိုပျက်သွားကာ ဒေသခံ ၂၀၀ ကျော် နေထိုင်ရေး အခက်အခဲနှင့် ရင်ဆိုင်နေရသည်။
ဒေသခံတစ်ဦးက “မိုးကလည်း အရမ်းကြီး၊ လေကလည်း လှည့်ပတ်ပြီး တိုက်သွားတာ။ စက္ကန့်ပိုင်း အတွင်းမှာ တင် အိမ်တွေ အမိုးလန်၊ ပြိုကျကုန်တာပဲ။ အခုကတော့ လူ ၂၀၀ လောက်က နေထိုင်ရေး ဘာမှမကျန်တော့ ဘူး။ နေစရာရော စားစရာရော အကုန် အတော်ခက်ခဲနေကြရတယ်” ဟု ပြောသည်။
မွန်ပြည်၊ ပေါင်မြို့နယ်တွင်လည်း လေဆင်နှာမောင်းကြောင့် စာသင်ကျောင်း၊ အစိုးရရုံးဌာနများနှင့် လူနေအိမ်ခြေ ဆယ်ချီ ပျက်စီးခဲ့ရုံမက ကဒါရပ်ကွက်ရှိ ဘုန်းကြီးကျောင်းမှ သံဃာတစ်ပါးပါ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားရသည်။
ပေါင်မြို့နယ်မှ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတစ်ဦးက “လေတိုက်တာ အတော်အသံက ကျယ် တာ။ ကဒါ မြို့သစ်ရပ်ကွက် လေဆင်နှာမောင်းက ဖြတ်မွှေသွားတာ။ မီးတွေလည်း အကုန်ပျက်။ အိမ်တွေတင် မကဘူး၊ အစိုးရရုံး အဆောက်အအုံတွေပါ အများကြီး ပျက်စီးသွားတယ်။ သစ်ပင်တွေလဲနေတာကို မီးသတ် တွေ၊ လူမှုကူညီရေး အဖွဲ့တွေ ပူးပေါင်းပြီး လမ်းရှင်းနေရတုန်းပဲ။ ” ဟု ပြောသည်။
ထို့ပြင် မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၌ ဇူလိုင်လ ၆ ရက်နေ့တွင် လေပြင်းတိုက်ခတ်ပြီး ဟိန္ဒူဘုရား ကျောင်းနှင့် နေအိမ် ၁၅ လုံး ထိခိုက်ပျက်စီးမှု ရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး-ဥက္ကံမြို့နယ်ရှိ ဝက်ကုန်းကျေးရွာနှင့် ဘိုသိုးကျေးရွာတို့တွင်လည်း ညဦးပိုင်းက လေဆင်နှာမောင်း ဝင်ရောက်မွှေနှောက်သွားသဖြင့် လူနေအိမ် ၃၀ ထက်မနည်း ပြိုကျပျက်စီးခဲ့ရ သည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ငဖြူကလေးကျေးရွာတွင်လည်း အထက(ခွဲ) စာသင်ကျောင်း ဆောင်တစ်ဆောင် အမိုးလန်ပျက်စီးခဲ့ရသဖြင့် လူမှုကူညီရေးအဖွဲ့များက ညတွင်းချင်း သွားရောက်ရှင်းလင်း ပေးခဲ့ရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) ၏ ထုတ်ပြန်ချက်အရ အဆိုပါ မုန်တိုင်းငယ်သည် အိန္ဒိယကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်သွားပြီ ဖြစ်သော်လည်း မုတ်သုံလေ အားကောင်းနေဆဲ ဖြစ်သည်။
သို့ဖြစ်ရာ လာမည့်သီတင်းပတ်အတွင်း ရန်ကုန်၊ စစ်ကိုင်း၊ ရခိုင်နှင့် ဒေသအများအပြားတွင် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို ပြည်သူ များအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် နှိုးဆော်ထားသည်။