မြန်မာ့အရေး အမြဲတမ်း သံတမန် ထားရှိရန်နှင့် ဘုံ သဘောတူညီချက် ၅ ချက် အကဲဖြတ်စနစ် ထူထောင်ရန် အာဆီယံ အဆိုပြု 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်။ 

မြန်မာ့ရေးရာအတွက် အာဆီယံ၏ အမြဲတမ်း သံတမန် ခန့်အပ်ရန်နှင့် ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာမှု ရှိ၊ မရှိ ဆန်းစစ်နိုင်မည့် အကဲဖြတ်စနစ် ထူထောင်ရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက အဆိုပြုလိုက်သည်။

ဖိလစ်ပိုင်နိုင်ငံ၊ ပါဆိုင် (Pasay) မြို့၌ ကျင်းပခဲ့သည့် မြန်မာ့ရေးရာ သီးသန့်ဆွေးနွေးပွဲအပြီးတွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဖြစ်သူ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို (Maria Theresa Lazaro) က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အထူးသံတမန် လာဇာရို၏ ပြောကြားချက်အရ အာဆီယံတွင် အလှည့်ကျဥက္ကဋ္ဌ ပြောင်းလဲတိုင်း အထူးသံတမန်ပါ နှစ်စဉ် လဲလှယ်နေရခြင်းမှာ ရေရှည်တွင် ထိရောက်မှု မရှိသဖြင့် အမြဲတမ်း သံတမန်တစ်ဦး ခန့်အပ်ရန် သက်ဆိုင်ရာ ဝန်ကြီးများက သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ အဆိုပြုချက်ကို ဘရူနိုင်းနိုင်ငံက စတင် တင်ပြခဲ့ခြင်းဖြစ်ပြီး အထူးသံတမန်ကို ကူညီရန် အတွင်းရေးမှူးရုံး အောက်တွင် ယူနစ်တစ်ခု ဖွဲ့စည်းပေးရေး အပါအဝင် ရန်ပုံငွေဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

ဒါ့အပြင် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်အကောင်အထည်ဖော်မှု တိုးတက်မှုကို တိတိကျကျ ဆန်းစစ်နိုင်ရန် တိုင်းတာမှုဆိုင်ရာ စံသတ်မှတ်ချက်သစ်များ ပြုလုပ်သွားရန်လည်း အဆိုပြုခဲ့ကြသည်။ 

အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာစစ်အုပ်စု၏ ကိုယ်စားလှယ် တက်ရောက်ခဲ့ခြင်း မရှိပေ။