ဩစတြေးလျမြောက်ပိုင်းတွင် ၂၁ နိုင်ငံပါဝင်သော အကြီးမားဆုံး ဝေဟင် စစ် လေ့ကျင့်ရေး ပြုလုပ်  

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်။ 

ဩစတြေးလျနိုင်ငံ မြောက်ပိုင်းနယ်မြေတွင် ဩစတေးလျ တော်ဝင်လေတပ်မတော် RAAF က ဦးစီးကျင်းပသည့် “Exercise Pitch Black” (အမှောင်ထုအတွင်း လေ့ကျင့်မှု) လေကြောင်း စစ်ရေးလေ့ကျင့်ပွဲကြီးကို အကြီးမားဆုံး အခင်းအကျင်းဖြင့် ကျင်းပလျက် ရှိပါသည်။

စစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လ ၂၀ ရက်မှ ဩဂုတ်လ ၆ ရက်နေ့အထိ ဒါဝင် (Darwin)၊ တင်းဒယ်လ် (Tindal) နှင့် အမ်ဘာလေ (Amberley) လေတပ်စခန်း သုံးခုတွင် ပြိုင်တူ ပြုလုပ်နေခြင်း ဖြစ်သည်။ 

လေ့ကျင့်ပွဲတွင် မဟာမိတ် ၂၁ နိုင်ငံမှ စစ်လေယာဉ် အစီးရေ ၁၀၀ နီးပါး ပါဝင်ပြီး လေဟုန်စီး ဆီဖြည့်တင်းခြင်းနှင့် အဆင့်မြင့် စိစစ်ထောက်လှမ်းရေး လုပ်ငန်းစဉ်များကို ပူးပေါင်းလေ့ကျင့်နေကြပါသည်။

ထိုင်းနိုင်ငံက F-16 တိုက်လေယာဉ်များဖြင့် ဩစတြေးလျသို့ မရပ်နားဘဲ ဝေဟင်၌ ဆီဖြည့်ကာ စေလွှတ်ပါဝင်ခဲ့သည်။

အိမ်ရှင် ဩစတြေးလျက ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ် (F-35A)၊ မျိုးဆက် ၄.၅ (F/A-18F Super Hornet) နှင့် E-7A Wedgetail ဝေဟင်ထောက်လှမ်း သတိပေးလေယာဉ်များ ထုတ်သုံးထားသည်။

ဂျပန်က ပထမဆုံးအကြိမ်အဖြစ် F-35A စစ်လေယာဉ်ကို အဆိုပါ လေ့ကျင့်ပွဲတွင် ထုတ်ဖော် အသုံးပြုခဲ့သည်။

အမေရိကန်လေတပ်က F-35A တိုက်လေယာဉ်များနှင့် ဝေဟင်ဆီဖြည့် လေယာဉ်များ ပါဝင်သည်။

ဤဝေဟင် စစ်လေ့ကျင့်မှုအတွင်း ဂျာမနီ၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ စပိန်နှင့် ပြင်သစ်နိုင်ငံတို့မှ စစ်လေယာဉ်များ ပါဝင်သည့်အပြင် ဗြိတိန်၊ ကနေဒါနှင့် နယူးဇီလန်တို့မှ စစ်သည်များလည်း ပူးပေါင်း ပါဝင်လျက် ရှိသည်။

လေ့ကျင့်ရေးမှူး၏ ပြောကြားချက်အရ အဆိုပါ လေ့ကျင့်မှုသည် မဟာမိတ် နိုင်ငံများအကြား စစ်ရေးစွမ်းရည်နှင့် ယုံကြည်မှု မြှင့်တင်ရန်ဖြစ်ပြီး ပေါ်ပေါက်လာမည့် စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်နိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။