တောင်ကိုရီးယား သမ္မတဟောင်းအား မဟုတ်မမှန် ပြောဆိုမှုဖြင့် ဆိုင်းငံ့ထောင်ဒဏ် ချမှတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်ဗဟိုတရားရုံးက ရာထူးမှ ဖယ်ရှားခံထားရသော သမ္မတဟောင်း ယွန်းဆော့ယော (Yoon Suk Yeol) အား ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း မဟုတ်မမှန် လိမ်လည်ပြောဆိုမှုဖြင့် ထောင်ဒဏ် (၁၈) လ ချမှတ်ခဲ့ပြီး အဆိုပါ ပြစ်ဒဏ်ကို (၃) နှစ် ဆိုင်းငံ့ထားရန် အမိန့်ထုတ်ပြန်လိုက်သည်။
တရားရုံး စစ်ဆေးချက်များအရ သမ္မတဟောင်း ယွန်းသည် ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စဉ်က ဗေဒင်ဆရာတစ်ဦးနှင့် ဆက်နွှယ်မှု၊ ရှေ့နေတစ်ဦးအား မိတ်ဆက်ပေးခဲ့မှုများနှင့် ပတ်သက်၍ သတင်းမီဒီယာများသို့ မဟုတ်မမှန် ငြင်းဆန်ခဲ့ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
အကယ်၍ အယူခံတရားရုံးတွင် ယခုအမိန့် အတည်ဖြစ်သွားပါက ယွန်း၏ ကွန်ဆာဗေးတစ် ပြည်သူ့အာဏာပါတီ (PPP) အနေဖြင့် ၂၀၂၂ ရွေးကောက်ပွဲတုန်းက အစိုးရထံမှ ပြန်လည်ရရှိထားသော ရွေးကောက်ပွဲ ကုန်ကျစရိတ် ဘီလီယံ ၄၀ (အမေရိကန်ဒေါ်လာ ၂၇ သန်းခန့်) ကို အစိုးရဘဏ္ဍာသို့ ပြန်လည် ပေးလျော်ရမည် ဖြစ်သည်။
သမ္မတဟောင်း ယွန်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့မှုကြောင့် ၂၀၂၅ ခုနှစ် အေပရီလတွင် ရာထူးမှ စွပ်စွဲဖြုတ်ချခံခဲ့ရသူ ဖြစ်သည်။
လက်ရှိတွင်လည်း ၎င်းအား စစ်အုပ်ချုပ်ရေး ထုတ်ပြန်မှု၊ ပုန်ကန်မှု အပါအဝင် အခြားသော ပြစ်မှုဆိုင်ရာ အမှုပေါင်းများစွာဖြင့် တရားစွဲဆိုထားပြီး ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါသည်။