နတ်ရေကန်သို့ စစ်ကူလာသည့် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ နတ်ရေကန်စခန်းသို့ အင်အားဖြည့်တင်းရန် လာရောက်သည့် စစ်တပ် စစ်ကြောင်းကို အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကျ အဆုံးရှိပြီး ရှေ့သို့ဆက်တက်ရန် ခက်ခဲနေကြောင်း ဒေသခံစစ်ရေးသတင်း အရင်းအမြစ်များက ပြောသည်။

ဇူလိုင်လဆန်းပိုင်းမှစတင်ကာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ တဖြည်းဖြည်း ချီတက်လာသော အင်အား ၅၀၀ နီးပါးပါဝင်သည့် အဆိုပါစစ်ကြောင်းတွင် စစ်ကားနှင့် အိမ်စီးကား ၆၀ ကျော် ပါဝင်သည်ဟု ဆိုသည်။ 

အဆိုပါယာဉ်တန်းသည် ပဒါန်းအခြေစိုက် အမှတ် (၉၀၅) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်သို့ ဇူလိုင်လ ၂၃ ၊ ၂၄ နှင့် ၂၅ ရက်နေ့တို့တွင် အသုတ်လိုက် ဝင်ရောက်ခဲ့ပြီး ထိုမှတစ်ဆင့် အမ်း-ပဒါန်း လမ်းဟောင်းအတိုင်း နတ်ရေ ကန်ဘက်သို့ ချီတက်စဉ် တိုက်ခိုက်ခံရသဖြင့် နောက်ပြန်ဆုတ်ခဲ့ရခြင်း ဖြစ်သည်။

ဒေသခံစစ်ရေးသတင်း အရင်းအမြစ် အမျိုးသားတစ်ဦးက စစ်တပ်စစ်ကြောင်း ရိုးမတောင်လမ်းဟောင်း အတိုင်း တက်လာတာ ရိုးမတောင်ပေါ် ဂုတ်ကြီးကျေးရွာနဲ့ ပဇီကျေးရွာအနီး ဖြတ်တိုက်ခံရတာ။ အဓိက ကမ္ဘာ လုံးစခန်းကို ဦးတည်တာပါပဲ။ ကမ္ဘာလုံးစခန်းက အေအေပိတ်ဆို့ထားတာ။ အဲ့မှာ စစ်သားတွေထွက်ပြေးတာ၊ ပိတ်မိတာ၊ ရိက္ခာမရောက်တာ မျိုးစုံဖြစ်နေတယ်။ လေယာဉ်နဲ့ပဲ စစ်တပ်ကလာလို့ အဆင်ပြေတယ်။ မြေပြင် ကမရတော့ဘူးဟု ပြောသည်။

စစ်တပ်၏ နတ်ရေကန်ဗျူဟာကုန်းမှာ ကာလရှည်ကြာ ပိတ်ဆို့ခံထားရပြီး လက်ရှိတွင် စစ်ကူအင်အား ထပ်မံ ဖြည့်တင်းရန် ကြိုးပမ်းနေခြင်းဖြစ်သော်လည်း AA ၏ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ 

အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်တပ်စစ်ကြောင်းမှ ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့ပြီး ယခင်တိုက်ပွဲများ အတွင်း ဒဏ်ရာရထားသူများကိုပါ ယာဉ်တန်းဖြင့် ပြန်လည်တင်ဆောင်သွားနေရသည်။

ဒေသခံတစ်ဦးက သိရသလောက်ပြောရရင် ပဒါန်းမြို့ အမှတ် (၉၀၅) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်ကနေ ရိုးမတောင်လမ်းဟောင်းအတိုင်း တက်လာတာ ကြားဖြတ်တိုက်လို့ အခု စစ်ကားတွေ ပြန်ဆင်းလာတယ်။ လူနာ တွေပါတယ်။ ဆေးအဖွဲ့က မနိုင်လို့ အောက်ဆင်းခိုင်းတာ၊ တိုက်ပွဲတွေ ပြင်းထန်နေတာရှိတယ် ဟု ပြောသည်။

အဆိုပါ တိုက်ပွဲနေရာများသို့ စစ်တပ်က အမှတ် (၉၀၅) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် – (မစခ) တပ်ရင်းမှ အတွဲလိုက်ဒုံးကျည်များဖြင့် ပစ်ကူပေးနေသည့် အပြင် တပ်မ ၇၇၊ တပ်မ ၉၉၊ စကခ-၁၀၊ စကခ-၁၄ နှင့် စကခ-၁၇ တို့မှ ထုတ်နုတ်အင်အားများနှင့် ပြည်သူ့စစ် များကိုပါ ထပ်မံဖြည့်တင်းကာ တိုက်ခိုက်လျက်ရှိသည်။ 

နတ်ရေကန်ဗျူဟာကုန်းကို တော်လှန်ရေးတပ်များက ဝိုင်းပတ်ပိတ်ဆို့ထားပြီး စစ်တပ်ဘက်မှ အင်အား ထောင် ပေါင်းများစွာ စေလွှတ်ထားသော်လည်း AA နှင့် ပူးပေါင်းတပ်တို့၏ တိုက်ခိုက်မှုများကြောင့် နတ်ရေကန်ပေါ်တွင် တပ်စွဲနိုင်ရေးမှာ ခက်ခဲနေဆဲ ဖြစ်သည်။