သံတွဲ ဗုံးကြဲမှုတွင် ကလေးငယ်အပါအဝင် ၄ ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်။
ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းသို့ စစ်တပ်က ဂျက်ဖိုက်တာများဖြင့် နေ့စဉ်နှင့်အမျှ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ဇူလိုင်လကုန်ပိုင်းက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတစ်ခုအတွင်း မိသားစုဝင်များ အပါအဝင် အပြစ်မဲ့ပြည်သူ ၄ ဦး သေဆုံးခဲ့ရသည်။
ဇူလိုင်လ ၃၁ ရက်နေ့၊ မွန်းလွဲ ၃ နာရီခန့်က သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာအတွင်းသို့ စစ်တပ်၏ ဂျက်ဖိုက်တာ နှစ်စီးက ရှေ့ဆင့်နောက်ဆင့် ဗုံးသီး ၃ လုံးအထိ ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒေသခံတစ်ဦးက “စစ်တပ်က ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်တိုင်တိုင် လာပြီး ဗုံး ၃ လုံး ကြဲချသွားတယ်။ လင်းသီနဲ့ ရွှေလှေရွာကြားထဲ ဗုံး ၂ လုံးကျသလို ဦးမျိုးဇော်ဝင်းရဲ့ ကုန်စုံဆိုင်ပေါ်ကိုလည်း ပေါင် ၅၀၀ ဗုံး တစ်လုံး ကျ ရောက်ပေါက်ကွဲခဲ့တာပါ။ အဲဒီလိုဆိုင်ပေါ် တိုက်ရိုက်ကျတာကြောင့် ဆိုင်ရှင်လင်မယား နှစ်ယောက်၊ အလုပ် သမားတစ်ယောက်နဲ့ ဒေသခံတစ်ဦး၊ စုစုပေါင်း ၄ ယောက် သေဆုံးသွားတယ်။ ဆိုင်နဲ့ လူနေအိမ်တွေလည်း ပျက်စီးကုန်ပါတယ်” ဟု ဖြစ်စဉ်ကို ရှင်းပြသည်။
အဆိုပါ ဗုံးသီးများသည် ရွှေလှေကျေးရွာရှိ ဒေသခံ ဦးမျိုးဇော်ဝင်း၏ ဈေးဆိုင်အနီးသို့ ကျရောက် ပေါက်ကွဲခဲ့ ခြင်းကြောင့် ဆိုင်ရှင်လင်မယားဖြစ်ကြသည့် ဦးမျိုးဇော်ဝင်းနှင့် ဒေါ်မေမြတ်လွင်အပြင် ဆိုင်အရောင်းဝန်ထမ်း မဆွေဇင်အေးတို့မှာပါ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။
ထို့ပြင် ဆိုင်ပိုင်ရှင်လင်မယား၏ တစ်နှစ်နှင့် လေးလအရွယ် သားဖြစ်သူ မောင်ဉာဏ်လင်းအောင်မှာလည်း ပြင်းထန်သည့် ဗုံးစထိမှန်ဒဏ်ရာများဖြင့် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်စဉ် လမ်းခုလတ်၌ပင် အသက်ဆုံးပါး သွားခဲ့ရသည်။
အခြား ဒေသခံတစ်ဦးကလည်း “လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် တစ်မိသားစုလုံးနီးပါး ဆုံးရှုံးခဲ့ ရတဲ့အပြင် အပြစ်မဲ့ပြည်သူတွေပါ ထိခိုက်သေဆုံးခဲ့ရတာဟာ ရစရာမရှိအောင် ရက်စက်ကြမ်းကြုတ်တဲ့ လုပ် ရပ်တစ်ခု ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ဈေးဆိုင်အနီးဝန်းကျင်မှ အပြစ်မဲ့ပြည်သူ နှစ်ဦးလည်း ထိခိုက်ဒဏ်ရာ များ ရရှိခဲ့ကြပြီး ကျေးရွာအတွင်းရှိ လူနေအိမ်များ၊ ဈေးဆိုင်များနှင့် ကား၊ ဆိုင်ကယ်အချို့မှာလည်း မီးလောင် ပျက်စီးခြင်းနှင့် ပြိုကျပျက်စီးခြင်းများ ရှိခဲ့သည်။
ရွှေလှေကျေးရွာ ဗုံးကြဲခံရမှုမတိုင်မီ ရက်ပိုင်းကလည်း သံတွဲမြို့နယ်အတွင်း စစ်တပ်က လေကြောင်းရန်ကို ပိုမိုမြှင့်တင် လုပ်ဆောင်လာခဲ့သည်။
ဇူလိုင်လ ၂၇ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်က သံတွဲမြို့နယ်၊ လင်းမူတောင်ကျေးရွာအနီးရှိ ယခင် ကျောက်ခွဲ စက်ရုံဟောင်း တည်ရှိရာနေရာကိုလည်း စစ်တပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက် ခဲ့သေးသည်။
စစ်ရေးအရ ရှုံးနိမ့်လာချိန်နှင့် တော်လှန်ရေးလက်နက်ကိုင်တပ်များကို ဖိအားပေးလိုသည့်အခါတိုင်း စစ်တပ် အနေဖြင့် တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသော အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများနှင့် မြို့ပြဒေသ များကို လေကြောင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။
လက်ရှိတွင် သံတွဲမြို့နယ်အတွင်း စစ်တပ်၏ ဂျက်ဖိုက်တာများဖြင့် နေ့စဉ် လှည့်လည်ပျံသန်း ဗုံးကြဲနေမှုများ ကြောင့် ဒေသခံပြည်သူများမှာ နေ့စဉ်နှင့်အမျှ အသက်အန္တရာယ်အတွက် စိုးရိမ်ထိတ်လန့်စွာဖြင့် တိမ်းရှောင်နေ ကြရသည်။