ဂါဇာတွင် လူပေါင်း ၁၁၂ ဦး၏ အစုအပြုံလိုက် ဈာပနအခမ်းအနား ကျင်းပ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်။
၂၀၂၃ ခုနှစ် ဂါဇာစစ်ပွဲ အစောပိုင်းက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ပါလက်စတိုင်း ၁၁၂ ဦး၏ ရုပ်အလောင်းများကို အပျက်အစီးများအောက်မှ ပြန်လည်တူးဖော် ရရှိခဲ့ပြီးနောက် ဂါဇာမြို့တွင် အစုလိုက်အပြုံလိုက် ဈာပန အခမ်းအနားကို ကျင်းပခဲ့ကြသည်။
သေဆုံးသူများမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်က ဂါဇာမြို့ရှိ လူနေအဆောက်အအုံ တိုက်တန်းတစ်ခု တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် ဆွေမျိုးတော်စပ်ကြသော မိသားစုကြီး နှစ်ခုမှ အဖွဲ့ဝင်များ ဖြစ်ကြသည်။
၎င်းတို့အနက် အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြသည်။ စာရင်းများအရ သေဆုံးသူ ၁၁၂ ဦးတွင် ကလေးငယ် ၄၄ ဦး၊ အမျိုးသမီး ၃၈ ဦးနှင့် မသန်စွမ်းသူ ၇ ဦး ပါဝင်သည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ထောက်ပံ့ကူညီမှုဖြင့် ဂါဇာ မြို့ပြကာကွယ်ရေး အဖွဲ့က ရုပ်အလောင်း တူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အပျက်အစီးများအောက်တွင် ရုပ်အလောင်း အများအပြား ကျန်ရှိနေသေးသည်ဟု ဆိုသည်။
အခမ်းအနားတွင် ရုပ်အလောင်းများကို ပါလက်စတိုင်း အလံများ၊ သေဆုံးသူများ၏ ဓာတ်ပုံများနှင့်တကွ ခင်းကျင်းထားပြီး ဆွေမျိုးသားချင်းများက နောက်ဆုံးခရီးစဉ်သို့ လိုက်ပါပို့ဆောင်ခဲ့ကြသည်။
ကုလသမဂ္ဂက ယုံကြည်စိတ်ချရသည်ဟု သတ်မှတ်ထားသည့် ဂါဇာ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ လက်ရှိအချိန်ထိ ဂါဇာတွင် သေဆုံးသူ စုစုပေါင်း အနည်းဆုံး ၇၃,၃၇၇ ဦးရှိပြီ ဖြစ်သည်။
Photo:AP