တရုတ်၌ ဖိလစ်ပိုင်လုပ်သား ၁၀၀ ကျော် ဖမ်းဆီးခံရမှု မနီလာကို အကြပ်ကိုင်ခြင်းဖြစ်ဟု ဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ် လ ၁၇ ရက်။
တရုတ်နိုင်ငံ၌ တရားမဝင် ရောက်ရှိလုပ်ကိုင်နေသည်ဟူသော စွပ်စွဲချက်ဖြင့် ဖိလစ်ပိုင်နိုင်ငံသား ၁၀၀ ကျော်ကို တရုတ်အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပီကင်းရှိ ဖိလစ်ပိုင်သံရုံးနှင့် ကောင်စစ်ဝန်ရုံးများအား ဖမ်းဆီးခံရသူများ၏ အတိအကျ အရေအတွက်နှင့် အခြေအနေကို စုံစမ်းစစ်ဆေးပြီး ကောင်စစ်ဝန်ဆိုင်ရာ အကူအညီများ အမြန်ဆုံးပေးအပ်ရန် ညွှန်ကြားထားသည်။
ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးကမူ ယခုဖမ်းဆီးမှုသည် ပြီးခဲ့သည့် မေလက ဖိလစ်ပိုင်စက်ရုံတစ်ခုတွင် တရားမဝင် လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် တရုတ်နိုင်ငံသား ၇၀ နီးပါးကို ပြန်လွှတ်ပေးရန် တရုတ်နိုင်ငံက ဖိအားပေးခြင်းဖြစ်ပြီး “ရိုးရိုးရှင်းရှင်း ခြောက်လှန့် ငွေညှစ်ခြင်းနှင့် အကြပ်ကိုင်ခြင်း” ဖြစ်သည် ဟု ပြင်းထန်စွာ စွပ်စွဲလိုက်သည်။
အာရှ-ပစိဖိတ် တရုတ်လေ့လာရေးအဖွဲ့ (ACPSSI) ဥက္ကဋ္ဌကလည်း တရုတ်အစိုးရပိုင် မီဒီယာများက ထိုအကြောင်းကို ထင်ထင်ရှားရှား ထုတ်ပြန်ခြင်းသည် မနီလာအစိုးရအား သတိပေးချက် သတင်းစကား ပါးလိုက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။
Photo:AFP