ဂျပန် ကန်တိုဒေသ အင်အားပြင်း ငလျင် လှုပ်ခတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်။
ဂျပန်နိုင်ငံ တိုကျိုနှင့် ကန်တိုဒေသတွင် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး လာမည့် သီတင်းပတ်အတွင်း အလားတူ ငလျင်များ ထပ်မံလှုပ်ခတ်နိုင်သဖြင့် သတိပေးချက်များ ထုတ်ပြန်ထားသည်။
တနင်္ဂနွေနေ့ မနက်စောစော ၂ နာရီခန့်က ပြင်းအား ရစ်ခ်ျတာစကေး ၅.၉ ရှိသော ငလျင်သည် မြေအောက်အနက် ၆၈ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ရာ လူ ၃၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
ဂျပန် မိုးလေဝသ အေဂျင်စီ၏ ထုတ်ပြန်ချက်အရ တိုကျိုမြို့ အဒါချီ (Adachi) ရပ်ကွက် အပါအဝင် အနီးအနား ခရိုင်များတွင် ငလျင်ပြင်းအား အဆင့် ၅ (Lower 5) အထိ ခံစားခဲ့ရပြီး စင်ပေါ်မှ ပစ္စည်းများ ပြုတ်ကျခြင်း၊ မတ်တပ်ရပ်ရန် တစ်ခုခုကို ကိုင်တွယ်ထိန်းထားရခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ဟု ဂျပန် သတင်းများတွင် ဖော်ပြသည်။
ငလျင်ကြောင့် ဓာတ်လှေကားများအတွင်း လူပိတ်မိခြင်း၊ ရထားခရီးစဉ်များ နှောင့်နှေးခြင်းနှင့် အီဘရာကီခရိုင်ရှိ မြို့တော်ခန်းမ မျက်နှာကြက်အချို့ ပြိုကျခြင်းတို့ ရှိခဲ့သည်။
အထပ်မြင့် အဆောက်အအုံများတွင် နေထိုင်သူများအနေဖြင့် အချိန်အတန်ကြာ ယိမ်းယိုင်တုန်ခါမှုများကို သိသိသာသာ ခံစားခဲ့ရသည် ဟု ဒေသခံ ဂျပန်သတင်းများတွင် ဖော်ပြသည်။
ဂျပန် ဝန်ကြီးချုပ် ဆာနိုင်း တာကာအီချီ (Sanae Takaichi) က အပျက်အစီး အခြေအနေများကို အတည်ပြုနိုင်ရေး ဆက်လက် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပြီး ငလျင်ဒဏ် ပြင်းထန်စွာ
ခံစားခဲ့ရသည့် ဒေသများမှ ပြည်သူများအနေဖြင့် လာမည့် သီတင်းပတ်အတွင်း အလားတူ ငလျင်များ ထပ်မံ လှုပ်ခတ်လာနိုင်သဖြင့် အထူးသတိထားကြရန် သတိပေး နှိုးဆော်ထားသည်။
Photo: JIJI PRESS/AFP via Getty Images