တရုတ်-အိန္ဒိယ နယ်စပ်လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အချက် ၈ ချက် သဘောတူညီချက် ရရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။
ပေကျင်းမြို့၌ ကျင်းပခဲ့သည့် (၂၅) ကြိမ်မြောက် တရုတ်-အိန္ဒိယ နယ်စပ်ရေးရာ အထူးကိုယ်စားလှယ်များ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် စစ်ဘက်၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်အတွက် အချက် ၈ ချက်ပါ သဘောတူညီချက် ရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဩဂုတ်လ ၂၅ ရက်နေ့က ပြုလုပ်သည့် အဆိုပါ ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) နှင့် အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ် ဒိုဗားလ် (Ajit Doval) တို့ တွေ့ဆုံကာ အမြင်ချင်း ဖလှယ်ခဲ့ကြခြင်းဖြစ်သည်။
နှစ်နိုင်ငံ ကိုယ်စားလှယ်များသည် ၂၀၀၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် မူဝါဒများအတိုင်း နယ်စပ်ဒေသ ငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားရန်နှင့် မလိုလားအပ်သည့် နားလည်မှုလွဲမှားခြင်းများ မရှိစေရန် စစ်ဘက်၊ သံတမန်ရေးရာ ဆက်သွယ်ရေး လမ်းကြောင်းများကို တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြသည်။
ဆွေးနွေးပွဲ ရလဒ်များအရ ထိပ်တန်းတပ်မှူးများအဆင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည့် နေရာ ၂ နေရာ ထပ်မံတိုးချဲ့ခဲ့ပြီး အရှေ့ပိုင်းနှင့် အလယ်ပိုင်း စစ်ဒေသများအတွက် စစ်ဘက် တိုက်ရိုက်ဖုန်းလိုင်း (Hotlines) ၂ လိုင်း ထပ်မံဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ထို့ပြင် နယ်စပ် ကုန်သွယ်ရေးစခန်း ၃ ခု ပြန်လည်ဖွင့်လှစ်နိုင်ခဲ့မှုကို ကြိုဆိုခဲ့ကြပြီး အိန္ဒိယ ဘုရားဖူးများ တိဘက်ဒေသရှိ ကေလာသတောင်သို့ သွားရောက်ခွင့်နှင့် သွားရောက်မည့် အရေအတွက် ပိုမိုတိုးမြှင့်ပေးရေးကိုလည်း သဘောတူခဲ့ကြသည်။
လာမည့် စက်တင်ဘာလတွင် ကျင်းပမည့် နယ်စပ်ဖြတ်ကျော်မြစ်များဆိုင်ရာ ကျွမ်းကျင်သူအဆင့် အစည်းအဝေး၌ ရေထုအချက်အလက် မျှဝေရေးနှင့် နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။
Photo:ANI