ထားဝယ် ရေနက်ဆိပ်ကမ်း လမ်းကြောင်းကို စစ်အုပ်စု ပြန်လည် ထိန်းချုပ်ရန် ကြိုးပမ်းနေ

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်

တနင်္သာရီတိုင်းအတွင်း လက်လွှတ်လိုက်ရသည့် ဆုံးရှုံးနယ်မြေများနှင့် မဟာဗျူဟာကျသည့် ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းရှိရာ လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်ရန် စစ်အုပ်စုတပ်က စစ်အင်အား ဖြည့်တင်းမှုများ နှင့် စစ်ရေး ပြင်ဆင်မှုများကို ယခင်ကထက် ပိုမို ပြုလုပ်လာနေကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်များ က ပြောသည်။

လက်ရှိတွင် စစ်အုပ်စုတပ်သည် တနင်္သာရီမြို့နယ်နှင့် လယ်မူလား (ပုလော) မြို့နယ်တို့၌ အင်အားဖြည့်တင်းမှု များ ဆက်တိုက် ပြုလုပ်နေပြီး တပ်စွဲထားသည့် နေရာများမှတစ်ဆင့် နယ်မြေ စိုးမိုးနိုင်ရန် ပြင်ဆင်လျက်ရှိသည်။

စစ်တပ်၏ စစ်အင်အား ဖြည့်တင်းနေသည့် အခြေအနေနှင့် ပတ်သက်၍ ဒေသတွင်း စစ်ရေး သတင်းရင်းမြစ် တစ်ဦးက မင်းသမီခီး ထီးခီးနယ်စပ် သူတို့ ပြန်လိုချင်တယ်။ သူတို့ အဲဒီ ရေနက်ဆိပ်ကမ်းလမ်းကြောင်းကို သူတို့ ပြန်လိုချင်တယ် အဲဒါပဲ။ အဓိက အဲဒီလမ်းကြောင်းက စစ်ကြောင်းထိုးဖို့ အခြေအနေရှိတယ်။ တောင် သုံးလုံးဖက်မှာလည်း မေတ္တာတို့ဖက်မှာ တောင်သုံးလုံးတို့ ပုဂံရည်တို့ အဲဒီဖက်ခြမ်း မှာရှိတယ်။ ပြီးတော့ ဘော် မသီတို့ ပပြင် ပြီးတော့ သရာဘွင် ဟိုးဇဝဲတို့ဖက်မှာ သူတို့ လူစုထားတာပေါ့။ တိုးချဲ့ထားတယ် ဟု ပြောသည်။

စစ်အုပ်စုတပ် အင်အား ဖြည့်တင်းနေသည့် ဒေသများသည် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၄ လက်အောက်ခံ တပ်များ လှုပ်ရှားရာ နယ်မြေများ ဖြစ်ပြီး အဆိုပါ ဒေသများတွင် တိုက်ပွဲများလည်း ထိတွေ့မှု ရှိနေသည်။

စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် မေတ္တာ၊ ပုလောနှင့် တနင်္သာရီမြို့နယ်အတွင်း တပ်စွဲထားပြီး စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် အထူးသဖြင့် KNU တပ်ရင်း ၇ နှင့် တပ်ရင်း ၁၁ လှုပ်ရှားရာ လယ်မူလားမြို့နယ်နှင့် တနင်္သာရီ မြို့နယ်တို့တွင် စစ်ရေး တင်းမာကာ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

အဆိုပါ စစ်ရေး သတင်းရင်းမြစ်က တင်းမာတာကတော့ အဲဒီ လယ်မူလားမြို့နယ်ဖက်မှာပေါ့ တပ်ရင်း ၇ ဖက် မှာ တပ်ရင်း ၇ ရယ် တပ်ရင်း ၁၁ ရယ်။ တနင်္သာရီမြို့နယ်နဲ့ လယ်မူလားမြို့နယ်ပေါ့။ တက်လာတာနဲ့ ပစ် တက် လာတာနဲ့ ပစ်တာပဲ တိုက်ပွဲကတော့ တပ်ရင်း ၇ ဖက်မှာ ပိုများတယ်။ တပ်ရင်း ၇ တပ်ရင်း ၁၁ တနင်္သာရီမြို့ နယ်ရယ်။ လယ်မူလားမြို့နယ် (ပုလောမြို့နယ်)ရယ် နှစ်ခုတော့ နည်းနည်းများတယ်။ တစ်ရက်နှစ်ရက် တစ်ကြိမ် နှစ်ရက်သုံးရက် တစ်ကြိမ် အဲလိုမျိုးပဲ ပုံမှန်ပဲ တစ်ခါတစ်လေလည်း တစ်ရက် နှစ်ကြိမ် သုံးကြိမ်ဖြစ် တာလည်း ရှိတယ် ဟု ပြောသည်။

စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက် ကာလအတွင်းကလည်း စစ်အုပ်စုတပ်သည် တနင်္သာရီတိုင်းအတွင်းရှိ စီးပွားရေးအရ အချက်အခြာကျသော နယ်စပ်ဒေသများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် ပြင်ဆင်ထားသည့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း လမ်းကြောင်းအတိုင်း လေကြောင်း တိုက်ခိုက်မှုများ အသုံးပြု၍ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ဖူးသည်။

မြန်မာပြည်တောင်ပိုင်းသို့ စစ်အုပ်စုတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေသည့် အခြေအနေနှင့် ပတ်သက်၍ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က ယခုကဲ့သို့ သုံးသပ်သည်။

စစ်အုပ်စုရဲ့ အဓိက ဦးတည်ချက်က ဆုံးရှုံးထားတဲ့ နယ်မြေ လမ်းကြောင်းနဲ့ ဒီ မဟာဗျူဟာကျ ဧရိယာတွေကို ပြန်လည် ရယူဖို့ဖြစ်တယ်။ အထူးသဖြင့် KNU Control ဧရိယာတွေနော် Thai-Burma Border Trade လမ်းကြောင်းတွေပေါ့နော်။ နောက်တစ်ခါ ရေး-ထားဝယ်လမ်းကြောင်းတွေနော် နောက်တနင်္သာရီမှာ ဆိုလို့ရှိ ရင်လည်း Ground Offensive တွေ လက်နက်ကြီး ပစ်ခတ်တာတွေ ဒရုန်းနဲ့ airstrike တွေ ပိုပြီး သုံးလာတာ တွေ့ရတယ်။ ဒီဟာ ထားဝယ်ရေနက်ဆိပ်ကမ်းကို ပြန်ပြီးတော့ ပြန်ယူဖို့ ပြန်ပြီးတော့ အသက်သွင်းဖို့ ဆိုတဲ့ ရေရှည် ရည်မှန်းချက်တွေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်တာကို တွေ့ရတယ်

ထို့ပြင် စစ်အုပ်စုတပ်သည် တိုက်ပွဲများအတွင်း စစ်ရေးပစ်မှတ်နှင့် အရပ်သားပစ်မှတ် မခွဲခြားဘဲ ပြည်သူများကို လက်နက်ကြီး၊ လေယာဉ်၊ ဒရုန်း၊ ပါရာမော်တာနှင့် ဂျိုင်ရိုကော်ပတာများပါ အသုံးပြု၍ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေသည်။

နိုင်အဲမွန်က ကျနော်တို့မြင်တာက အခု အခြေအနေဟာ တိုက်ပွဲဖော်ဆောင်တာ တစ်ခုတည်း မဟုတ်တော့ ဘူးပေါ့နော်။ ဒီ Civilian Protection Crisis ဖြစ်လာတယ်။ ဘယ်လိုမှ အလုံးစုံ အကာအကွယ် မရှိတော့တဲ့ အခြေအ နေတွေ ဖြစ်လာတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ မြှင့်လာတယ်။ ရမ်းသမ်းပစ်ခတ်မှုတွေ ပိုလာ တယ်။ မတရား ဖမ်းဆီးမှုတွေ မြှင့်လာတယ် ဟု ဆက် ပြောသည်။

စစ်အုပ်စုတပ်က ပြန်လည် ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း လမ်းကြောင်း အပါအဝင် မဟာဗျူဟာကျ နေရာအများစုကို KNU နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက တပ်ဖြန့် နေရာယူ ထားသဖြင့် စစ်အုပ်စုတပ်ဘက်မှ စစ်ကြောင်းထိုး လှုပ်ရှားလာပါက ရှေ့ဆက်၍ တိုက်ပွဲများ ပိုမို ပြင်းထန်လာ နိုင်ကြောင်း စစ်ရေး သတင်းရင်းမြစ်များက သတိပေးထားသည်။

တဘက်တွင်လည်း စစ်အုပ်စုက နိုင်ငံတကာ ထောက်ခံမှု ရရှိစေရန်အတွက် ထားဝယ် ရေနက်စီမံကိန်း လုပ်ငန်းများကို ပြန်လည်လာရောက် လုပ်ဆောင်ရန် ရုရှား အစိုးရအား ဖိတ်ခေါ်ထားသည်။

(ဓာတ်ပုံ – APF/ ပုံဟောင်း)