ချင်းတောင်ပိုင်း မင်းတပ်တွင် စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲ၍ ကလေးများအပါ ၈ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ် ၃၁ ရက်။

ချင်းပြည်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၂) ရှိ ဝှမ်းခုမ်ကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ်များဖြင့် ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ သဖြင့် သူငယ်တန်း နှင့် ၉ တန်း တက်နေသည့် ကလေးငယ် ၂ ဦးအပါအဝင် စစ်ဘေးရှောင် အရပ်သား ပြည်သူ ၈ ဦး သေဆုံးခဲ့သည်။

ဩဂုတ်လ ၃၀ ရက်နေ့၊ ညနေ ၅ နာရီခွဲဝန်းကျင်တွင် မန္တလေးတိုင်း တံတားဦးလေတပ်မှ တက်လာသည့် စစ်တပ် ၏ ဂျက်ဖိုက်တာ တိုက်လေယာဉ် ၂ စီးသည် စစ်ဘေးရှောင် အရပ်သားများ ခိုလှုံနေသည့် ဝှမ်းခုမ်ကျေးရွာ အတွင်းရှိ နေရာ ၂ ခုသို့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးဟု ယူဆရသော ဗုံး ၄ လုံးဖြင့် ၂ ကြိမ်တိုင်တိုင် အကြောင်း မဲ့ ဦးတည် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မင်းတပ်ဒေသခံတစ်ဦးက မနေ့ ညနေပိုင်းမှာ ဘာတိုက်ပွဲမှ မရှိဘဲ တံတားဦးက တက်လာတဲ့ ဂျက် ဖိုက်တာ ၂ စီးက ပေါင် ၅၀၀ ဗုံးနဲ့ အကြောင်းမဲ့ လာကြဲတာပါ။ သေသွားတဲ့ ၈ ဦးထဲမှာ KG တန်းနဲ့ ၉ တန်းတက်နေတဲ့ ကလေးနှစ်ဦးအပြင် သက်ကြီးပိုင်း အဖိုးအဖွားတွေလည်း ပါသွားပါတယ် ဟု ပြောသည်။

ထိုသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် စစ်ဘေးရှောင် ပြည်သူများဖြစ်ကြသည့် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၈ ဦး ပွဲချင်းပြီး သေဆုံးခဲ့ ပြီး၊ ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ထို့ပြင် အရပ်သားပြည်သူပိုင် နေအိမ် အလုံး ၂၀ ဝန်းကျင်ခန့်လည်း ထိခိုက်ပျက်စီးကာ အချို့နေအိမ်များ မီးလောင်ပြာကျသွားခဲ့သည်။

စစ်အုပ်စုတပ်သည် စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာကို ဦးတည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယခုကဲ့သို့ အပြစ်မဲ့ ပြည်သူများ ထိခိုက်သေဆုံးရမှု အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း မင်းတပ်မြို့နယ်၊ တိုက်နယ် (၂) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မင်းတပ် ဒေသခံကစ်အုပ်စုက အရပ်သားတွေ နေတဲ့နေရာကို ဘာအကြောင်းမှ မရှိဘဲ ဝင်ကြဲတတ်လို့ အားလုံးလည်း အထူးဂရုစိုက် သွားလာကြဖို့ သတိပေးချင်ပါတယ် ဟု ဆက် ပြောသည်။

စစ်အုပ်စုတပ်သည် မင်းတပ်မြို့နယ်အပါအဝင် ချင်းတောင်ပိုင်း နယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရေး အတွက် ပြီးခဲ့သည့် မေလလယ်မှစ၍ အင်အားထောင်ချီအသုံးပြုကာ အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်ခဲ့သော်လည်း ချင်းပူးပေါင်းတပ်များနှင့် မဟာမိတ်တပ်များ၏ ခုခံတိုက်ခိုက်မှုကြောင့် မြေပြင်ထိုးစစ်များ အထိနာပြီး အလုပ် မဖြစ်သည့်အခါ လေကြောင်းတိုက်ခိုက်မှုများကိုသာ ဆက်တိုက် အသုံးပြုလာခြင်း ဖြစ်သည်ဟု တော်လှန်ရေး တပ်ဖွဲ့များဘက်က ပြောသည်။

ချင်းပူးပေါင်းတပ်ဖွဲ့များ (CPU/CPA) ၏ ဩဂုတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အုပ်စုတပ်သည် ချင်းတောင်ပိုင်း ထိုးစစ်ကာလအတွင်း မင်းတပ်၊ ကန်ပက်လက် အပါအဝင် ၎င်းတို့ ထိန်းချုပ်ဒေသများကို လေကြောင်းမှ တိုက်ခိုက်မှု အကြိမ်ပေါင်း ၆၀၀ ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယခု လေကြောင်းတိုက်ခိုက်ခံရသည့် မင်းတပ်မြို့နယ်၊ အမှတ် (၂) ဝှမ်းခုမ်ကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ဖူးသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

ဓါတ်ပုံ – HKl Mindat