လေကြောင်းတိုက်ခိုက်မှုထဲ ၅ နှစ်အတွင်း အရပ်သား ၄၀ ဦးသေဆုံးဟု မင်းတပ် ပအဖ ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။

ချင်းပြည် တောင်ပိုင်း၊ မင်းတပ်မြို့နယ်ထဲ စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ၅ နှစ်အတွင်း ကလေးများ အပါအဝင် အရပ်သားပြည်သူ အယောက် ၄၀ သေဆုံးခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ် ရေး အဖွဲ့က ထုတ်ပြန်သည်။

ထို့အပြင် ကလေးများနှင့် အမျိုးသမီးများ အပါအဝင် အရပ်သားပြည်သူ အယောက် ၁၂၀ ထိခိုက်ဒဏ်ရာရခဲ့ သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အဆိုပါ အရေအတွက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃ ရက်နေ့ အထိ ကောက်ခံရရှိသော စာရင်း ဖြစ်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က ဆိုသည်။

၅ နှစ်တာအတွင်း မင်းတပ်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၁၇၆ ကြိမ်ထက်မနည်း ကြဲခဲ့ သည်ဟု ဩဂုတ်လ ၂၃ ရက်နေ့ ထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားသည်။

သို့သော် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့မှ ဒီဇင်ဘာလ ၂၁ ရက်နေ့ အထိ CDF – မင်းတပ်နှင့် မဟာမိတ်တို့က ဆင်နွှဲခဲ့သော မြို့သိမ်းတိုက်ပွဲကာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀၀ ကျော်နှင့် ထိခိုက်ပျက်စီး မှုတို့ကို ထည့်သွင်းမထားဘူးဟု ဆိုသည်။

လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ဒေသခံပြည်သူများ၏ အိမ်အလုံးရေ ၁၇၂ လုံး၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနှင့် အစိုးရ အဆောက်အအုံပေါင်း ၄၀၊ ဘုရားကျောင်း၊ ဘုန်ကြီးကျောင်း စသည့် ဘာသာရေး အဆောက်အအုံ ၁၈ လုံး ထိမှန် ပျက်စီးခဲ့သည်။

အထက်ပါ လေကြောင်းတိုက်ခိုက်မှုများကိုပါ ထည့်သွင်းရေတွက်မည်ဆိုပါက မင်းတပ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေပေါင်း ၄၇၆ ကြိမ်ထက် မနည်း ကြဲခဲ့သည်ဟု ဆိုရမည်။

မင်းတပ်မြို့နယ်ကို CDF – မင်းတပ်နှင့် မဟာမိတ်တပ်ဖွဲ့တို့က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မြို့တွင်း အုပ်ချုပ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို လုပ်ဆောင်နေခြင်း ဖြစ်သည်။