AA ထိန်းချုပ်နယ်မြေ ၅ ခုကို စစ်တပ်က ‘၄၉၂၆ စစ်ဆင်ရေး’ ဖြင့် ထိုးစစ်ဆင်နေသော်လည်း ခြေမချနိုင်သေး

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေ နေရာ ၅ ခုကို စစ်အုပ်စုတပ်က “၄၉၂၆ စစ်ဆင်ရေး” အမည်ဖြင့် ထိုးစစ်ဆင်နေသော်လည်း လက်ရှိအချိန်အထိ အဆိုပါ စိုးမိုးနယ်မြေများသို့ စစ်အုပ်စုတပ်မှ ခြေ မချနိုင်သေးကြောင်း စစ်ဆင်ရေးနယ်မြေရှိ သတင်းအရင်းအမြစ်များက ပြောသည်။

AA ထိန်းချုပ်နယ်မြေများနှင့် ထိစပ်နေသည့် နေရာများ၌ စစ်တပ်က ထိုးစစ်ဆင်နေခြင်းကြောင့် တိုက်ပွဲအချို့ ဖြစ်ပွားလျက်ရှိသည်။ သို့သော်လည်း AA စိုးမိုးနယ်မြေများအတွင်း တပ်စွဲခြင်းနှင့် စခန်းသိမ်းပိုက်ခြင်းများ မပြုလုပ်နိုင်သေးပေ။

စက်တင်ဘာလ ၄ ရက်နေ့တွင် စတင်ခဲ့သည်ဆိုသော အဆိုပါ စစ်ဆင်ရေးအတွင်း စစ်တပ်သည် စစ်တွေ မြို့နှင့် ပုဏ္ဏားကျွန်း အစပ်နယ်မြေများ၊ ကျောက်ဖြူ-စနဲ လမ်းပိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်အစပ် (ဂွမြို့နယ် အစပ်)၊ မကွေးတိုင်းနှင့် ရခိုင်ပြည်အစပ်၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်အစပ် နေရာများ၌ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ဧရာဝတီ-ရခိုင် နယ်စပ်တွင် နေထိုင်သည့် စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက ၄၉၂၆ စစ်ဆင်ရေးဆိုတာက အခုမှသိလာတာပေါ့။ ကျနော်တို့ ဧရာဝတီဘက်မှာက ရိုးမပေါ်ကို စစ်တပ်စစ်ကြောင်းထိုးနေတာက ပုံမှန်လိုဆို ပေမယ့် ထူးခြားလာတာက ဩဂုတ်လ ဒုတိယအပတ်ကစပြီး ဧရာဝတီ ရခိုင်အစပ်ကိုရောက်လာတဲ့ စစ်ကြောင်း တွေ များလာတယ်၊ နောက် စစ်မှုထမ်းသစ်တွေကို ရိုးမအစပ်နေရာတွေမှာ ထွက်ပြေးတာ ဒဏ်ရာရတာတွေကို တွေ့လာရတယ်။ နောက်ပြီး ရခိုင်ရိုးမပေါ်ကို အတင်းစစ်ကြောင်းထိုးတာ ပေါ်တာဆွဲတာတွေများလာတာတွေကို တွေ့ရတယ်၊ ရေကြည်မြို့နယ် သာပေါင်းမြို့နယ်တွေ ရေကြောင်းမှာဆို ရွှေသောင်ယံဘက်ကထိုးလာတာတွေ ဒါတွေဟာ သူတို့စစ်ဆင်ရေးကို ပေါလွင်စေတာပါ ဟု ပြောသည်။

စစ်အုပ်စုတပ်သည် အဆိုပါ စစ်ဆင်ရေးကို ဖော်ဆောင်ရန်အတွက် ဩဂုတ်လကတည်းက ဧရာဝတီ၊ မကွေးနှင့် ပဲခူးတိုင်းတို့သို့ စစ်ကြောင်းများ စေလွှတ်၍ အင်အားဖြည့်တင်းခဲ့သည်။

ထို့ပြင် စစ်အုပ်စုတပ် လက်ရှိ ထိန်းချုပ်ထားဆဲဖြစ်သည့် ကျောက်ဖြူနှင့် စစ်တွေမြို့နယ်များအတွင်း AA စိုးမိုး နယ်မြေများနှင့် ထိစပ်နေသည့် နေရာများသို့လည်း အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးခဲ့သည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး ရေတပ်စခန်းမှ အဝတောင်စခန်းသို့ အင်အားဖြည့်တင်း၍ ကျောက်ဖြူ-စနဲဘက်သို့ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေသကဲ့သို့ စစ်တွေမြို့နယ်မှလည်း ပုဏ္ဏားကျွန်း မြို့နယ်ဘက်သို့ အင်အားဖြည့်ကာ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများ ပေးလျက်ရှိသည်။

စစ်တွေမြို့နယ် စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက လက်ရှိ ကျနော်တို့ စစ်တွေ ဝါဘိုဘက်တွေ၊ ပုဏ္ဏားကျွန်းအစပ်တွေမှာ တိုက်ပွဲဖြစ်နေပြီး စစ်တွေမြို့ထဲအထိ လက်နက်ကြီးကျလာတာပါ။ တဆက်တည်း ကျောက်ဖြူဘက်မှာလည်း တိုက်ပွဲရှိတယ်လေ။ အခုတစ်ခေါက် စစ်တွေနဲ့ ကျောက်ဖြူနယ်စပ်ကို ထိုးလာတဲ့ စစ်ကြောင်းတွေဟာ သတိထားစရာပါ။ အခု နှစ်ဘက် အကျအဆုံးနဲ့ တိုက်ပွဲပြင်းထန်နေပါတယ် ဟု ပြော သည်။

ထို့ပြင် မကွေးတိုင်း မင်းတုန်းမြို့နယ်၊ ပဲခူးတိုင်း ပန်းတောင်မြို့နယ်နှင့် ပြည်မြို့နယ် ပဒါန်းရိုးမပေါ်တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း အနီးဝန်းကျင်၌ တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ မကွေးတိုင်း ပဒါန်းမြို့နယ် နတ်ရေကန် ဗျူဟာကုန်းအနီးနှင့် ပဇီကျေးရွာ ဝန်းကျင်တို့တွင်လည်း တိုက်ပွဲများ ရှိနေသည်။

အဆိုပါ “၄၉၂၆ စစ်ဆင်ရေး” နှင့် ပတ်သက်၍ စစ်အုပ်စုဘက်က တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေး သော်လည်း စစ်အုပ်စု ထောက်ခံသည့် ဝါဒဖြန့် လော်ဘီချန်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြနေ ကြပြီး ရခိုင်ပြည်အတွင်းသို့ ထိုးစစ်ဆင်ရန် ကြိုးပမ်းလျက်ရှိသည်။

ဓါတ်ပုံ – (အေအေတပ်ဖွဲ့အချို့ / ပုံဟောင်း – Crd)