တောင်ကုတ်၊ ဂွနှင့် ပုဏ္ဏားကျွန်းကို စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲ၍ သက်ကြီးပိုင်း ၃ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်

ရခိုင်ပြည်အတွင်းရှိ တောင်ကုတ်၊ ဂွနှင့် ပုဏ္ဏားကျွန်း မြို့နယ် ၃ ခုကို စစ်အုပ်စုက စက်တင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် လေကြောင်းနှင့် ဒရုန်းများဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သက်ကြီးပိုင်း အရွယ် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်အုပ်စုသည် ရခိုင်မြောက်ပိုင်းရှိ ပုဏ္ဏားကျွန်းမြို့နယ်ကို စက်တင်ဘာလ ၁၀ ရက်နေ့၌ လည်းကောင်း၊ ရခိုင် တောင်ပိုင်း ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စက်တင်ဘာလ ၁၀ ရက်နေ့၌ လည်းကောင်း၊ တောင်ကုတ်မြို့နယ်ကို စက် တင်ဘာလ ၁၁ ရက်နေ့၌ လည်းကောင်း အသီးသီး လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဂွဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက သံတွဲ ဂွကတော့ တိုကနေတယ် ဗုံးလည်း ကြဲနေတယ် တောင်ကုတ်ကို ကင်းထောက်လေယာဉ် လာပြီး သတိထားဖို့ အချင်းချင်းအသိပေးကြပေမယ့် တချို့နယ်ဘက် တွေက သက်ကြီးရွယ်အိုတွေက မရှောင်နိုင်တာရှိပါတယ် အခုသံတွဲ တောင်ကုတ် ဂွက လူတွေ ဗုံးခိုကျင်းထဲပဲ နေကြတာများတယ် ဟု ပြောသည်။

တောင်ကုတ်မြို့နယ်၊ ရွာသစ်ကေကျေးရွာမှ ဦးတင်မောင် (၆၀ နှစ်)၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်မှ ဦးဦးကျော်ခိုင် (၈၁ နှစ်) နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာတွင် စစ်ဘေးရှောင်နေသည့် ဒေါ်လှသန်းရီ (၆၇ နှစ်) တို့မှာ လေကြောင်းမှ ဗုံးကြဲခံရ၍ သေဆုံးသွားခဲ့ကြသည်။

ဂွဒေသခံစတစ်ဦးကင်လယ်မှာလည်း နေဗီတွေရှိနေပါတယ် တပ်တော်ကလည်း လေကြောင်း ရေကြောင်း သတိတွေပေးနေတယ် အလုပ်ကို ကောင်းကောင်း လုပ်မစားရပါဘူး ပင်လယ်လည်း မထွက်ရတော့ ကျပ် တည်းကြပါတယ် ဟု ပြောသည်။

စက်တင်ဘာလ ၁၁ ရက်နေ့၊ ညနေ ၄ နာရီကျော်တွင် စစ်အုပ်စုသည် ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် တောင်ကုတ် မြို့နယ်၊ ရွာသစ်ကေကျေးရွာနှင့် ဝဲကြီးရွာသစ်ကျေးရွာကြားသို့ ဗုံးကြဲခဲ့သဖြင့် အသက် ၇၃ နှစ်အရွယ် ဦးမင်းဆွေ ဒဏ်ရာရရှိကာ နေအိမ်အချို့ ထိခိုက်ပျက်စီးပြီး နွားတစ်ကောင် သေဆုံးခဲ့သည်။

အလားတူ ကျိန္တလီမြို့ကိုလည်း စက်တင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီ ၄၁ မိနစ်တွင် တစ်ကြိမ်၊ ည ၉ နာရီ ၄၆ မိနစ်တွင် တစ်ကြိမ် လေကြောင်းမှ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့ရာ အမှတ် (၂) ရပ်ကွက်မှ ဦးချစ်စန်းမောင် (ခ) ချစ်ပု (၄၉ နှစ်) ၏ ဘယ်ဘက် တင်ပါးနှင့် ခြေထောက်တို့တွင် ဗုံးစ ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။

ထို့ပြင် စက်တင်ဘာလ ၁၁ ရက် ည ၁၂ နာရီခွဲတွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာကို စစ်အုပ်စုက အသေခံဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ – Arakan Princess Media / (ပုံစာ – လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိမှန်ဒဏ်ရာ ရသူများကို တွေ့ရစဉ်။)