စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်တိုက်ပွဲတွင် စစ်အုပ်စု စစ်ကြောင်းမှူးများအပါအဝင် အထိနာ

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်

ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်အုပ်စု ဘက်မှ စစ်ကြောင်းမှူးများ အပါအဝင် ထိခိုက်သေဆုံးမှု များပြားနေကြောင်း ဒေသခံများနှင့် စစ်ရေး သတင်း ရင်းမြစ်များက ပြောသည်။

စစ်တွေမြို့ရှိ စစ်အုပ်စုတပ်များသည် မင်းချောင်းတံတားဘက်မှတစ်ဆင့် ပုဏ္ဏားကျွန်းမြို့နယ်စပ်ရှိ ကျေးရွာများ သို့ စစ်ကြောင်း လေးကြောင်းခွဲ၍ ထိုးစစ်ဆင်လာသဖြင့် ကွမ်းတောင်ကျေးရွာအနီး၊ ဝါဘိုကျေးရွာ၊ မင်းလှနှင့် မြစ်နားကျေးရွာ ပတ်ဝန်းကျင်တို့တွင် ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းဖြစ်သည်။

စက်တင်ဘာလ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ ယနေ့ထိ ဆက်တိုက် တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရက်ဆက်ဖြစ်နေတာပါ။ အရင်က မင်းကျောင်းတံတားဝန်း ကျင်ရယ် ကွမ်းတောင်ရယ်မှာပဲစဖြစ်တာပါ။ အခုကတော့ ဝါဘိုမှာပါ ပြန်ဖြစ်လာတယ် စစ်တပ်စစ်ကြောင်း က ဖြန့်ထိုးလာတာပါ ဒါ့ကြောင့်ဖြစ်နေတာ စစ်တပ်ဘက်က စစ်ကြောင်းမှူးကျ တယ်လို့ကြားတယ် ၅၀ ကျော်သေပြီလို့လည်း ကြားတယ် ဟု ပြောသည်။

စစ်အုပ်စုသည် အင်အား ၁,၀၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်း ၅ ကြောင်းခွဲကာ ပုဏ္ဏားကျွန်းမြို့နယ် ရဲယိုးပြင်၊ ခမောင်းတော၊ အောင်ဇေယျနှင့် အောင်မြေကုန်းကျေးရွာများဘက်သို့ပါ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ မြေပြင်စစ်ကြောင်းများအပြင် ရေတပ် ပစ်ကူ၊ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးနှင့် ဒရုန်းများကိုပါ အလွန်အကျွံ အသုံးပြုလျက်ရှိသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်အုပ်စုဘက်မှ တပ်ရင်းမှူးနှင့် စစ်ကြောင်းမှူးများ အပါအဝင် ၁၀၀ ကျော် သေဆုံးထိခိုက်မှု ရှိနေကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြကြသော်လည်း အဆိုပါ သေဆုံးဦးရေ ကိန်းဂဏန်းအား သတင်းနှင့် မီဒီယာ ကွန်ရက်အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။ အလားတူ အာရက္ခတပ်တော်ဘက်တွေလည်း ထိခိုက်ကျဆုံးမှုများ ရှိနေသည်ဟု ဆိုသည်။

ေအေလည်း ကျတယ်လို့သိရတယ်၊ ပုဏ္ဏားကျွန်းကို စစ်တပ်ပြန်ယူဖို့လုပ်ပေမယ့် အခုအထိတော့ အခြေ အနေ မကောင်းပါဘူး စစ်တွေက တပ်မိသားစုတချို့ မျက်နှာမကောင်းဘူး ဟု ပုဏ္ဏားကျွန်း စစ်ရေး သတင်း ရင်းမြစ်က ပြောသည်။

စက်တင်ဘာလ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်တွေမြို့နယ် ဝါဘိုကျေးရွာနှင့် ကွမ်းတောင်ကျေးရွာဘက်သို့ ဦးတည်သည့် စစ်အုပ်စု စစ်ကြောင်းများ အဓိက ထိခိုက် အကျအဆုံးများခဲ့ခြင်း ဖြစ်သည်။

အဆိုပွဲ တိုက်ပွဲများအတွင်း အာရက္ခတပ်တော် (AA) ဘက်က စစ်အုပ်စုတပ်၏ ရုပ်အလောင်းများနှင့် လက်နက်ခဲ ယမ်းများကို သိမ်းဆည်းရမိထားသည်။

ထို့ပြင် အဆိုပါ ထိုးစစ်တွင် စစ်အုပ်စု၏ တပ်မ ၁၀၁ လက်အောက်ခံ ပခုက္ကူအခြေစိုက် ခလရ ၂၅၉ နှင့် တပ်မ ၂၂ လက်အောက်ခံ ကျိုက်မရောအခြေစိုက် ခမရ ၂၀၈ တပ်ရင်းများ ပါဝင်နေကြောင်း စစ်ရေးကျွမ်းကျင်သူများက ထောက်ပြကြသည်။

လက်ရှိတွင် စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်တစ်လျှောက် စစ်အုပ်စု၏ ထိုးစစ်များ ဆက်လက်ရှိနေသော်လည်း အာရက္ခတပ်တော် (AA) က တန်ပြန်ထိုးစစ်များဖြင့် ပြန်လည် တိုက်ခိုက်လျက်ရှိသည်။

ဓာတ်ပုံ – သိမ်းဆည်းရမိထားသည့် လက်နက်ခဲယမ်းများ / Crd