ကုလသမဂ္ဂတွင် ဗီတိုအာဏာ ဖျက်သိမ်းရန် တူရကီသမ္မတ တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။
ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလအတွင်း တူရကီ သမ္မတ ရီဂျက် တေးယစ်ပ် အာဒိုဂန် (Recep Tayyip Erdogan) က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ်များကို ဘက်ပေါင်းစုံမှ အကြီးစား ပြုပြင်ပြောင်းလဲရန် တောင်းဆိုလိုက်သည်။
လက်ရှိ ကမ္ဘာ့ရေးရာ ဆုံးဖြတ်ချက်များကို အင်အားကြီး နိုင်ငံအနည်းငယ်ကသာ ချုပ်ကိုင်ထားသည့် စနစ်သည် လက်ရှိ ပထဝီနိုင်ငံရေးနှင့် စီးပွားရေး ပကတိအခြေအနေများကို ထိရောက်စွာ နမူနာမပြနိုင်တော့ကြောင်း ဘလွန်းမ်ဘာ့ဂ် (Bloomberg) သတင်းဌာနတွင် ရေးသားသည့် ဆောင်းပါး၌ သမ္မတ အာဒိုဂန်က ထောက်ပြထားသည်။
လက်ရှိ လုံခြုံရေးကောင်စီ၏ ဖွဲ့စည်းပုံသည် ဒုတိယကမ္ဘာစစ်အပြီး အင်အားကြီးနိုင်ငံများ၏ အာဏာခွဲဝေမှုကိုသာ ထင်ဟပ်နေပြီး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနှင့် တရုတ်ဟူသော အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံက ဆုံးဖြတ်ချက်များကို ပယ်ချနိုင်သည့် ဗီတိုအာဏာ (Veto Power) ကို ချုပ်ကိုင်ထားဆဲ ဖြစ်သည်။
သမ္မတ အာဒိုဂန်၏ အဆိုပြုချက်တွင် လုံခြုံရေးကောင်စီ၌ အမြဲတမ်းအဖွဲ့ဝင်စနစ်ကို ဖျက်သိမ်း၍ ကုလသမဂ္ဂ အထွေထွေညီလာခံမှ သတ်မှတ်သက်တမ်းအလိုက် မဲပေးရွေးချယ်သည့် ကောင်စီစနစ်သို့ ပြောင်းလဲရန်တောင်ဆိုထားသည်။
ထို့အပြင် အထွေထွေညီလာခံ၏ လုပ်ပိုင်ခွင့်ကို မြှင့်တင်ရန်နှင့် မည်သည့်နိုင်ငံမျှ နိုင်ငံတကာအသိုင်းအဝိုင်း၏ ဆုံးဖြတ်ချက်များကို ပိတ်ပင်နိုင်သည့် ဗီတိုအာဏာ မရှိစေရန် အလေးအနက် ထည့်သွင်းတောင်းဆိုထားသည်။