ခရီးသည်တင်လေယာဉ် ပျက်ကျအောင် လေယာဉ်မှူးကို ဓါးနဲ့ထိုးသည့် တွဲဖက် လေယာဉ်မှူးအား ခရီးသည်များ ဝိုင်းဝန်းဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။
ဒူဘိုင်းမှ အစ္စရေးနိုင်ငံသို့ ပျံသန်းလာသည့် Flydubai လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်ပေါ်တွင် စက်တင်ဘာလ ၃၀ ရက်နေ့က အိုမန်နိုင်ငံသား တွဲဖက်လေယာဉ်မှူးက လေယာဉ်မှူးကြီး စမစ် မက်ချာ (Smit Machchhar) အား ဓားဖြင့်ထိုးနှက်၍ လေယာဉ်ကို ပျက်ကျအောင် ပြုလုပ်ရန် ကြိုးပမ်းသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်ဟု နိုင်ငံတကာ သတင်းများတွင် ဖော်ပြသည်။
ခရီးသည် ၁၇၄ ဦး တင်ဆောင်လာသည့် အဆိုပါ လေယာဉ်သည် အမြင့်ပေ ၃၃,၀၀၀ မှ ပေ ၁၇,၀၀၀ သို့ နှစ်မိနစ်ခန့်အတွင်း အရှိန်ဟုန်ဖြင့် ထိုးစိုက်ကျဆင်းခဲ့သဖြင့် လေယာဉ်အမြှီးပိုင်း ထိန်းချုပ်ယက်မ (Rudder) ပျက်စီးသည်အထိ အခြေအနေ ဆိုးရွားခဲ့သည်။
အိန္ဒိယနိုင်ငံသား လေယာဉ်မှူးကြီးသည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော်လည်း အစွမ်းကုန် ပြန်လည်ခုခံကာ လေယာဉ်မှူးခန်း တံခါးကို ဖွင့်ပေးနိုင်ခဲ့သည်။
ထို့နောက် အစ္စရေး ခရီးသည်တစ်ဦးဖြစ်သူ ယာနစ်ဗ် ဟာယွန် (Yaniv Hayoun) နှင့် အခြားခရီးသည်များသည် လေယာဉ်မှူးခန်းအတွင်း ဝင်ရောက်ကာ တိုက်ခိုက်သူအား ချုပ်နှောင်ဆွဲထုတ်၍ ကြိုးတုပ်ဖမ်းဆီးခဲ့ကြသည်။
ခရီးသည် ယာနစ်ဗ် ဟာယွန် သည် လေယာဉ်ထိန်းချုပ်မောင်းတံများအား ပြန်လည်ဆွဲတင်၍ ပျံသန်းမှုကို ပုံမှန်အခြေအနေသို့ ရောက်ရှိစေရန် ဆောင်ရွက်ခဲ့ပြီး လေယာဉ်ပေါ်ပါ အရန်လေယာဉ်မှူးများက ဆက်လက်ထိန်းချုပ် မောင်းနှင်ကာ ဆော်ဒီအာရေးဘီးယားနိုင်ငံ၌ အရေးပေါ် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။
ပြစ်မှုကျူးလွန်သူ တွဲဖက်လေယာဉ်မှူးအား ဆော်ဒီ အာဏာပိုင်များက ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး အစ္စရေးနိုင်ငံကလည်း စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းပါဝင်သွားမည်ဖြစ်သည်။
အစ္စရေး ကာကွယ်ရေးဝန်ကြီးက အဆိုပါ ဖြစ်စဉ်အား အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ထားပြီး သက်ဆိုင်ရာ အာဏာပိုင်များက အသေးစိတ် ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိသည်။