လာအိုတွင် မလေးရှားလေယာဉ်ပေါ်တင်သည့် မူးယစ်ဆေးများ ဖမ်းမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။

လာအိုနိုင်ငံ၊ လွမ်ပရာဘန် (Luang Prabang) နိုင်ငံတကာလေဆိပ်၌ မလေးရှားမှ ပျံသန်းလာသည့် Learjet အမျိုးအစား ကိုယ်ပိုင်လေယာဉ်ပေါ်သို့ မူးယစ်ဆေးဝါးများ တင်ဆောင်နေစဉ် လာအိုရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာ အိုက်စ် (ခရစ္စတယ် မက်သဖက်တမင်း) ၅၂၁ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့သည်။

ကြိုတင်သတင်းရရှိမှုအရ အာဏာပိုင်များက စောင့်ဆိုင်းစိစစ်ခဲ့ခြင်းဖြစ်သည်။

လေယာဉ်ဆိုက်ရောက်ပြီးနောက် လာအိုနိုင်ငံဘက်မှ မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် ခရီးဆောင်အိတ် ၂၃ အိတ်အနက် ၂၁ အိတ်အတွင်းမှ အိုက်စ် မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မလေးရှားနိုင်ငံသား တစ်ဦးအပါအဝင် လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူးနှင့် လေဆိပ်ဝန်ထမ်း ၇ ဦး အပါအဝင် စုစုပေါင်း ၁၃ ဦးကို ထိန်းသိမ်းထားသည်။

 သက်သေခံ ကိုယ်ပိုင်လေယာဉ်နှင့် ပစ်ကပ်ကားတစ်စီးကို သိမ်းဆည်းထားပြီး မှောင်ခိုကူးသန်းမှု ကွန်ရက်တစ်ခုလုံးကို ပါဝင်ပတ်သက်သူများအား လာအိုအာဏာပိုင်များက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။

Photo: LAO SECURITY NEWSPAPER/VIENTIANE TIMES