ဂမ်ဘီယာ-မြန်မာ အမှု အထူးတရားသူကြီး နာဗီ ပိလီး ၂၀၂၆ နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်။

မြန်မာနိုင်ငံအား လူမျိုးတုံး သတ်ဖြတ်မှုဖြင့် စွပ်စွဲ တရားစွဲဆိုထားသည့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ ဂမ်ဘီယာ-မြန်မာ အမှုတွင် အထူးတရားသူကြီးအဖြစ် ပါဝင်ဆောင်ရွက်နေသူ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးဟောင်း Navi Pillay ကို ၂၀၂၆ ခုနှစ်အတွက် (၁၂၅) ကြိမ်မြောက် နိုဘယ် ငြိမ်းချမ်းရေးဆု ပေးအပ်ချီးမြှင့်ကြောင်း နော်ဝေ နိုဘယ်ကော်မတီက အောက်တိုဘာ ၉ ရက်တွင် ကြေညာသည်။

တောင်အာဖရိကနိုင်ငံသူ၊ အသက် ၈၅ နှစ်အရွယ် ဥပဒေပညာရှင် နာဗီ ပိလီးသည် အပြည်ပြည်ဆိုင်ရာ ဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုများအပြင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် လူမျိုးတုံး သတ်ဖြတ်မှုများကို အပြစ်ပေး အရေးယူနိုင်ရေးအတွက် အရေးပါသော ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ယခုဆုကို ချီးမြှင့်ခြင်းဖြစ်ကြောင်း နိုဘယ်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်း စစ်ပွဲများနှင့် ပဋိပက္ခများ ပိုမိုတိုးပွားလာပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေစနစ်များ ဖိအားပေးခံနေရချိန်တွင် အပြည်ပြည်ဆိုင်ရာ ဥပဒေစိုးမိုးရေးသည် ရွေးချယ်စရာ မဟုတ်ဘဲ မရှိမဖြစ် လိုအပ်ချက်ဖြစ်ကြောင်း နိုဘယ်ကော်မတီ ဥက္ကဋ္ဌ ရော်ဂန် ဝက်တနီ ဖရစ်ဒ်နက်စ် (Jørgen Watne Frydnes) က ပြောကြားခဲ့သည်။

အိန္ဒိယ တမီလ် မျိုးနွယ်ဖွား နာဗီ ပိလီးသည် အပါသာဟိုက် (Apartheid) လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားသူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင် မန်ဒဲလား၏ အကျိုးဆောင် ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဖြစ်သည်။

ထို့ပြင် ရဝမ်ဒါဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ ခုံရုံး (ICTR)၊ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ICJ တရားရုံး၏ ဂမ်ဘီယာ-မြန်မာ အမှု၌ အထူးတရားသူကြီးအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ယခုနှစ် နိုဘယ် ငြိမ်းချမ်းရေးဆုအတွက် ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း စုစုပေါင်း ၂၈၇ ခု အဆိုပြုခံခဲ့ရပြီး အခြား ရေပန်းစားခဲ့သည့် အဆိုပြုချက်များတွင် အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (ISS)၊ ဆူဒန်နိုင်ငံမှ အရေးပေါ် ကူညီရေးအဖွဲ့များ၊ ယူကရိန်း ကလေးသူငယ် အခွင့်အရေး ကာကွယ်သူများနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံးကြီးနှစ်ခုတို့ ပါဝင်ခဲ့သည်။