ကိုးကန့် ‘ဝေ’ မိသားစုခေါင်းဆောင် ဝေစန်း အပါအဝင် ၃ ဦးကို တရုတ်တရားရုံး သေဒဏ်ချမှတ်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။
မြန်မာစစ်အုပ်စု၏ သစ္စာခံဖြစ်သော ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ဝေစန်း အပါအဝင် “ဝေ” မိသားစုဝင် ၃ ဦးကို ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှုနှင့် လူသတ်မှုများဖြင့် တရုတ်နိုင်ငံ တရားရုံးက သေဒဏ် အမိန့်ချမှတ် လိုက်ကြောင်း တရုတ်သတင်းဌာနများတွင် ဖော်ပြသည်။
တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ခွမ်ကျိုးမြို့နှင့် နန်အန်းမြို့ ပြည်သူ့တရားရုံးတို့က အောက်တိုဘာလ ၁၃ ရက်နေ့ တွင် ပထမအကြိမ် စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်ပြီး၊ သေဒဏ်ချမှတ်ခံရသူများမှာ ဝေစန်း (ခေါ်) ဝေဟွိုင်ရန်၊ ချန်တာဝေနှင့် လျောင်ကျင်းဖန်းတို့ ဖြစ်ကြသည်။
ထို့ပြင် တရားခံ ၃ ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ကျန်တရားခံ ၅၅ ဦးကိုလည်း ထောင်ဒဏ် ၃ နှစ်ကျော်မှ ၂၄ နှစ်အထိ အသီးသီး ချမှတ်ခဲ့သည်။
စစ်အုပ်စုလက်အောက်ခံ ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ဝေစန်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ကိုးကန့်ဒေသ၊ ကုန်းကြမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။
တရားရုံး၏ စစ်ဆေးတွေ့ရှိချက်အရ ၎င်းတို့ ဦးဆောင်သော “ဝေ” မိသားစု ရာဇဝတ်ဂိုဏ်းသည် ၂၀၁၉ ခုနှစ် ကတည်းက လောက်ကိုင်မြို့တွင် ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှု၊ လောင်းကစား၊ ငွေညှစ်မှု၊ ပြည့်တန်ဆာ လုပ်ငန်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို ကျူးလွန်ခဲ့ကြပြီး၊ တရုတ်ယွမ် ၁၂.၂ ဘီလီယံကျော် လိမ်လည် ခဲ့ကာ တရုတ်နိုင်ငံသားများကိုပါ သတ်ဖြတ်ခဲ့ကြကြောင်း ဖော်ပြထားသည်။
အထူးသဖြင့် “ဝေ” မိသားစုဝင် ချန်တာဝေက ၎င်းထိန်းချုပ်ထားသည့် လက်နက်ကိုင်အင်အားကို အသုံးပြုကာ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံသားများ သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု တရုတ်က စွပ်စွဲသည်။
တရုတ်အစိုးရ၏ ဝရမ်းထုတ် ဖိအားပေးမှုများကြောင့် စစ်အုပ်စုက ၎င်းတို့၏ သစ္စာခံဖြစ်သူ ဝေစန်းအပါအဝင် ကိုးကန့် ခေါင်းဆောင်ပိုင်းများကို နေပြည်တော်မှတစ်ဆင့် တရုတ်လက်ထဲသို့ လွှဲပြောင်း အပ်နှံခဲ့ရခြင်း ဖြစ် သည်။
ကိုးကန့်ဒေသအတွင်း အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့် ဆက်နွှယ်သည့် ရာဇဝတ်ဂိုဏ်းများကို တရုတ် နိုင်ငံက စဉ်ဆက်မပြတ် အရေးယူလျက်ရှိရာ လွန်ခဲ့သည့် ဇန်နဝါရီလတုန်းကလည်း ကိုးကန့် “မြီ” မိသားစုဝင် ၁၁ ဦးကို တရုတ်တရားရုံးက သေဒဏ်ပေး ကွပ်မျက်ခဲ့ပြီး ဖြစ်သည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကလည်း ကိုးကန့်ဒေသအခြေစိုက် “မင်” မိသားစုနှင့် ဆက်နွှယ် သူ ၂၃ ဦးကို ကျားဖြန့်နှင့် လူသတ်မှုများဖြင့် တရုတ်နိုင်ငံ၊ ဝင်ကျိုးမြို့တရားရုံးတွင် ရုံးတင် စစ်ဆေးခဲ့ဖူးသည်။