မိုင်းလားတွင် အခြား လက်နက်ကိုင်အဖွဲ့ကို လက်ခံထားခြင်းမရှိ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၅ ခုနှစ် မေလ ၂၆ ရက်။ 

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) ဒေသတွင် မည်သည့် တော်လှန်ရေးအဖွဲ့အစည်း ကိုမှ လက်ခံထားခြင်းမရှိကြောင်း NDAA က ပြောသည်။ 

NDAA (မိုင်းလား) ခေါင်းဆောင်များနှင့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံရှိ တြိဂံဒေသတိုင်း စစ်ဌာချုပ်၊ ရွှေတြိဂံရိပ်သာတွင် မေလ ၂၅ ရက်နေ့ (ယမန်နေ့) တွေ့ဆုံစဉ်က NDAA ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့က ထိုသို့ ပြောဆိုခဲ့သည်ဟု စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြသည်။ 

“မိမိတို့ ဒေသအတွင်း မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းနှင့် မည့်သည့် နိုင်ငံရေး အဖွဲ့အစည်းကိုမျှ လက်ခံ ထားခြင်းမရှိကြောင်း၊ မိမိတို့ အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတော် တည်ငြိမ်ရေး၊ အေးချမ်းရေး လုပ်ငန်းရပ်များ အတွက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ဟု စစ်ကောင်စီပိုင် သတင်းစာက  NDAA ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့ကို ကိုးကား၍ ပြောသည်။ 

NDAA မိုင်းလားအဖွဲ့သည် မိုင်းလား၊ ဆီလူး၊ နမ့်ပန်း စသည့် ခရိုင် ၃ ခုဖြင့် အုပ်ချုပ်ရေး ယန္တရားများကို လည်ပတ်နေသည့် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။ 

ငြိမ်းချမ်းရေး သဘောထား ခံယူချက်နှင့် ပတ်သက်၍ NDAA က ၎င်းတို့ အဖွဲ့အစည်း၏ သဘောထားကို ဦးစန်ပေ့က ထည့်သွင်းပြောဆိုခဲ့သည်ဟု စစ်ကောင်စီပိုင် သတင်းစာများက ဖော်ပြထားသည်။ 

“မိမိတို့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA မိုင်းလား ၏ သဘောထား ခံယူချက်အနေဖြင့် နှစ် ၃၀ ကျော် ကျင့်သုံးလာခဲ့သည့်အတိုင်း နိုင်ငံတော်ချ မှတ်ထား သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး စသည့် တို့တာဝန်အရေးသုံးပါးအတွက် အဓိက ဆောင်ရွက်လျက်ရှိကြောင်း” ဟု သတင်းစာက ဦးစန်ပေ့ကို ကိုးကား ဖော်ပြသည်။ 

ထို့အပြင် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများကို ကူညီ လုပ်ဆောင် ပေးရန် NDAA ဒု-ဥက္ကဋ္ဌက စစ်ကောင်စီ ဥက္ကဋ္ဌ ကို ပြောဆိုခဲ့သည်ဟု ဆိုသည်။ 

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) အဖွဲ့သည် မြန်မာပြည်မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဖွဲ့စည်းထားပြီး UWSA/UWSP ‘ဝ’ ဦးဆောင်သည့် ပြည်ထောာင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်ဖြစ်သည်။ 

နွေဦးတော်လှန်ရေး စတင်ချိန်မှ လက်ရှိအချိန်ထိ FPNCC အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်သည့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA ၊ ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA ၊ အာရက္ခတပ်တော် ULA/AA တို့သည် စစ်ကောင်စီနှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။