မွန်ပြည်နယ် ဘီးလင်းကို စစ်အုပ်စု လေကြောင်းနှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်၍ အရပ်သား ၅ ဦး သေဆုံး

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။

မွန်ပြည်၊ ဘီးလင်းမြို့နယ်ရှိ KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အလူးကြီး ကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အသက် ၆၀ ကျော် အရွယ်များ အပါအဝင် အရပ်သား ၅ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၁၃ ရက် ည ၇ နာရီမှ ၈ နာရီဝန်းကျင်တွင် စစ်အုပ်စု၏ ဂျက်ဖိုက်တာ လေယာဉ် တစ်စီးက အလူးကြီးကျေးရွာအနီးသို့ ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဘီးလင်းအခြေစိုက် အမှတ် (၃) အမြောက်တပ်ရင်းနှင့် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်တို့က ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ဒေသခံ အမျိုးသားတစ်ဦးက “မနေ့ညက တိုက်ပွဲလည်း မရှိဘဲ ရွာထဲကို ဂျက်ဖိုက်တာနဲ့ လာကြဲတာ။ ပြီးတော့ တပ်မ ၄၄ နဲ့ အမြောက်တပ်ကနေ လက်နက်ကြီးတွေ ဆက်တိုက် ပစ်သွင်းတာ။ အသက် ၆၀ ကျော် အဖိုးအဖွား တွေရော၊ လူငယ်တွေရော လက်နက်ကြီးကျည် ထိမှန်ပြီး ပွဲချင်းပြီး သေကုန်ကြတာပါ” ဟု ပြောသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အလူးကြီးကျေးရွာမှ အသက် ၆၀ ကျော်အရွယ် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး၊ အသက် ၄၀ အရွယ် အမျိုးသား ၂ ဦးတို့ သေဆုံးခဲ့ရပြီး အသက် ၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် အရပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် ၁၀ လုံးခန့် ထိခိုက်ပျက်စီးခဲ့သည်။

လက်ရှိတွင် စစ်အုပ်စု၏ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများကြောင့် ကရင်လူမျိုးအများစု နေထိုင်သည့် အလူးကြီးကျေးရွာ ဒေသခံအများစုသည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး ဘေးလွတ်ရာတွင် အရေး ပေါ် အကူအညီများ လိုအပ်နေသည်။

ဘီးလင်းဒေသခံ အမျိုးသမီးတစ်ဦးကလည်း “ရွာမှာ ရွာသားတွေ ဘာမှ မလုပ်ဘဲ အိပ်ချိန်ကြီးမှာ ထပစ်တာဆို တော့ အကုန်လုံး ထိကြတာ။ အခု ရွာမှာ မနေရဲကြတော့ဘဲ တောထဲ၊ တောင်ထဲ ပြေးနေကြရတယ်။ စားစရာနဲ့ ဆေးဝါးတွေ အဓိက အရေးပေါ် လိုအပ်နေတယ်” ဟု ပြောသည်။

သထုံခရိုင် KNU နယ်မြေအတွင်း စစ်အုပ်စုတပ်သည် လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍ ကျေးရွာများကို နေ့စဉ်မပြတ် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်ကလည်း ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းကျေးရွာကို တပ်မ ၄၄ က ဒရုန်းဖြင့် ဗုံးကြဲ ခဲ့သဖြင့် အရပ်သား ၃ ဦး သေဆုံးခဲ့သလို၊ စက်တင်ဘာလအတွင်းကလည်း ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ် ကျေးရွာကို လေကြောင်းမှ ဗုံးကြဲခဲ့၍ စာသင်ကျောင်းဆောင်များနှင့် လူနေအိမ် ၄၀ ကျော် ထိခိုက်ပျက်စီးခဲ့ ကြောင်း ဒေသခံများက ပြောသည်။

ဓါတ်ပုံ – (စစ်အုပ်စု၏ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသော အလူးကြီးကျေးရွာအတွင်းမှ အခြေအနေ။ / Crd)