စစ်တွေဝန်းကျင် တိုက်ပွဲများကြောင့် စစ်အုပ်စု စစ်ဆေးရေး တင်းကျပ်ပြီး မြို့ခံများ စိုးရိမ်ပူပန်နေ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။
ရခိုင်ပြည်၊ စစ်တွေမြို့ဝန်းကျင်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့ကြား တိုက်ပွဲများ ပိုမိုပြင်းထန် လာခြင်းကြောင့် မြို့တွင်း စစ်ဆေးရေးနှင့် လုံခြုံရေးများကို စစ်အုပ်စုတပ်က တင်းကျပ်ထားသဖြင့် မြို့ခံများ အကြား စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြသည်။
စစ်တွေမြို့ အရှေ့ဘက်ရှိ ပေါက်တောမြို့နယ်ပိုင် ငပြိကျွန်း၊ အရှေ့မြောက်ဘက် ပုဏ္ဏားကျွန်း နယ်စပ်အပြင် စစ်တွေမြို့နယ်အတွင်းရှိ ဝါဘိုရွာနှင့် စပါးထားရွာတို့အထိ တိုက်ပွဲများ နီးကပ်လာနေခြင်းဖြစ်သည်။
အဆိုပါ ဝါဘိုနှင့် စပါးထားကျေးရွာများသည် စစ်တွေမြို့ မြောက်ဘက် ပုဏ္ဏားကျွန်းမြို့နယ်အစပ်တွင် ရှိပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-စစ်တွေ) ၏ အဝင်ဝ ခံစစ်စည်းဖြစ်သကဲ့သို့ ကုလားတန်မြစ်ဝှမ်းနှင့် စစ်အုပ်စု ၏ ရေတပ်လှုပ်ရှားမှုများကို ထိန်းချုပ်ဖြတ်တောက်နိုင်သည့် ဗျူဟာမြောက် နေရာများလည်း ဖြစ်သည်။
စစ်တွေမြို့ပေါ်တွင် လက်ရှိနေထိုင်သည့် အမျိုးသမီးတစ်ဦးက “စစ်တွေမြို့ရဲ့ တဘက်ကမ်းက ပေါက်တော အပိုင် ငပြီကျွန်းမှာ တိုက်ပွဲဖြစ်နေတယ်။ စစ်တွေဧရိယာထဲက ဝါဘိုနဲ့ စပါးထားမှာလည်း တိုက်ပွဲရှိတယ်။ ပုဏ္ဏားကျွန်း-စစ်တွေနယ်စပ်မှာ တိုက်ပွဲရှိသလို အေအေက မြို့အနားအထိ ကပ်လာတယ်၊ အဲ့တော့ ဒေသခံတွေ က ပစ်ခတ်သံတွေကို နေ့တိုင်း ကြားလာရတယ်။ စိုးရိမ်စိတ်တွေ ရှိလာတဲ့အထဲ စစ်တပ်က မြို့ထဲမှာ တင်းကျပ် တာတွေ ရှိလာတယ် စစ်ဆေးတာတွေ ရှိတယ်။ ဟိုရပ်ကွက်မှာ ဝင်ဖမ်းသွားပြီဆိုတဲ့ သတင်းတွေလည်းရှိတယ်။ မြို့ထဲမှာ အဆက်အသွယ် ပြတ်တာတွေတောင် ရှိတယ်။ နေ့လယ်ခင်းတွေတောင် မြို့ခံတွေ အပြင်မထွက်ရဲ သလို ဖြစ်လာတယ်” ဟု ပြောသည်။
လွန်ခဲ့သည့် အောက်တိုဘာလ ၈ ရက် ညနေပိုင်းကလည်း စစ်တွေလေဆိပ်အနီး အလိုတော်ပြည့် ဘုန်းကြီး ကျောင်းရှေ့ရှိ သစ်တောခြံဝင်းအတွင်း လက်နက်ကြီးကျည် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး မြို့အနီးဝန်း ကျင်မှ နေ့ရောညပါ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများနှင့် ဒရုန်းသံများကို နေ့စဉ်ကြားနေရကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် စစ်အုပ်စုတပ်က စစ်တွေဒေသခံများအား ကုန်းလမ်း၊ ရေလမ်းများမှ မြို့ပြင်ထွက်ခွင့် ပိတ်ဆို့ထား သကဲ့သို့ လေကြောင်းမှ ထွက်ခွာရာတွင်လည်း လေယာဉ်လက်မှတ်ခများမှာ ကျပ် ၁၀ သိန်းအထိ ဈေးနှုန်းမြင့် တက်နေသဖြင့် အောက်ခြေပြည်သူများ မြို့မှ ထွက်ခွာရန် ခက်ခဲနေကြသည်။
ထို့ပြင် မြို့ပေါ်လမ်းမကြီးများ၊ လမ်းဆုံများနှင့် ရပ်ကွက်ပေါက်များတွင် လုံခြုံရေး တင်းကျပ်စွာ စစ်ဆေးနေပြီး သံသယအကြောင်းပြချက်ဖြင့် ဖမ်းဆီးမှုများ ပြုလုပ်နေသကဲ့သို့ ညဘက် ဧည့်စာရင်း စစ်ဆေးရာတွင်လည်း အိမ်ထောင်စုစာရင်း၌ မပါဝင်သူများနှင့် အခြားမြို့နယ်များမှ စစ်ဘေးရှောင်လာသူများကို ဦးတည်စစ်ဆေးကာ ဖမ်းဆီးမှုများ ရှိနေသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့ကလည်း ပြစ်ဒဏ်ကျူးလွန်ပြီး လွတ်ရက်စေ့၍ ပြန်လွတ်လာသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများကို စစ်ဆေးရေးဂိတ်များတွင် ပြန်လည်ဖမ်းဆီး၍ ပုဒ်မအသစ်များဖြင့် ထောင်ဒဏ်ထပ်မံချမှတ်ခြင်းများ ပြုလုပ်ခဲ့သည်။
စစ်တွေဒေသခံ လူငယ်တစ်ဦးက “စစ်တွေမြို့က ငွေတတ်နိုင်တဲ့သူတွေကတော့ မြို့ကထွက်ခွာဖို့ ကြိုးစားနေ ကြတယ်။ တချို့လည်း ရောက်သွားကြပြီ၊ လက်ရှိ နေနေတဲ့သူတွေက စစ်တပ်နဲ့ ပတ်သက်သူတွေ၊ ဘယ်လိုမှ ထွက်သွားလို့ အဆင်မပြေတဲ့သူတွေပေါ့။ စစ်တပ်က အကြောင်းအမျိုးမျိုးနဲ့ မြို့ခံတွေကို တင်းကျပ်တယ်။ လက်ခုပ်ထဲက ရေလို ဖြစ်နေတာပါ၊ အခု ဖမ်းဆီးတာတွေ များလို့ လူငယ်တွေဘဝ အိမ်တွင်းပုန်းတွေ ဖြစ်နေ တယ်။ လက်နက်သံတွေကလည်း မြို့နဲ့ ပိုနီးလာတယ်” ဟု ပြောသည်။
ထိုကဲ့သို့ တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာခြင်း၊ လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်များကို နေ့စဉ် ရင် ဆိုင်နေရခြင်း၊ မြို့ပေါ်တွင် စီးပွားရေးနှင့် အိမ်ငှားခများကြောင့် အကျပ်အတည်း ကြုံနေရခြင်းတို့ကြောင့် ဒေသခံ ပြည်သူများမှာ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုနှင့် မလုံခြုံမှုဒဏ်ကို ခံစားနေကြရသည်။
ဓါတ်ပုံ – AA Info Desk
#စစ်တွေ