အမေရိကန်၊ ရုရှားနှင့် တရုတ် ခေါင်းဆောင်သုံးဦး သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေး ကျင်းပရန် သမ္မတထရမ့် စိတ်အားထက်သန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ တရုတ်သမ္မတ ရှီကျင့်ဖိန်တို့နှင့် သုံးပွင့်ဆိုင် တွေ့ဆုံလိုကြောင်း ပြောကြားခဲ့သည့်အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း လာမည့်လအတွင်း သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေး ကျင်းပရန် စိတ်အားထက်သန်လျက်ရှိကြောင်း တုံ့ပြန်လိုက်သည်။

အဆိုပါ ထိပ်သီးဆွေးနွေးပွဲတွင် နျူကလီးယား လက်နက်ဖျက်သိမ်းရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အကြောင်းအရာများကို ဆွေးနွေးဖွယ်ရှိကြောင်း Fox News နှင့် နိုင်ငံတကာ သတင်းဌာနများတွင် ဖော်ပြထားသည်။

လာမည့် နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် တရုတ်နိုင်ငံ၌ ကျင်းပမည်ဖြစ်သော အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC) ထိပ်သီးအစည်းအဝေး ပြင်ပ၌ အဆိုပါ သုံးပွင့်ဆိုင် တွေ့ဆုံမှုကို ပြုလုပ်နိုင်ရန် အိမ်ဖြူတော်က သီတင်းပတ်အတော်ကြာ ပြင်ဆင်ဆွေးနွေးနေခြင်း ဖြစ်သည်။

သို့သော် အဆိုပါ ဆွေးနွေးပွဲအစီအစဉ်၌ ယူကရိန်းသမ္မတ ဇယ်လန်းစကီး ပါဝင်မည်မဟုတ်ပေ။ သမ္မတထရမ့်က ဇယ်လန်းစကီး ပါဝင်ခြင်းသည် ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်မည် မဟုတ်ကြောင်း ဝေဖန်ပြောဆိုထားသည်။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ မိမိတို့၏ နျူကလီးယားအင်အားမှာ အမေရိကန်နှင့် ရုရှားတို့၏ အဆင့်သို့ မရောက်သေးသဖြင့် လက်ရှိအခြေအနေ၌ သုံးပွင့်ဆိုင် နျူကလီးယား လက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ပါက တရားမျှတမှုရှိမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။