တရုတ် သင်္ဘောများ ပင်လယ်ရေအောက် ကေဘယ်ကြိုးများကို စုံစမ်းထောက်လှမ်းနေဟု စွပ်စွဲခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်။
အာရှ-ပစိဖိတ်ဒေသအတွင်း ကမ္ဘာ့စီးပွားရေးနှင့် ဆက်သွယ်ရေးအတွက် အဓိကကျသည့် ပင်လယ်ရေအောက် ကေဘယ်ကြိုးများကို တရုတ်နိုင်ငံက စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်နေသည်ဟု သံသယရှိကြောင်း “တရုတ် မဟာဗျူဟာ ဘေးအန္တရာယ်ဆိုင်ရာ အသင်း” (China Strategic Risks Institute – CSRI) က ဖော်ပြခဲ့သည်။
အဆိုပါ အဖွဲ့က သံသယဖြစ်ဖွယ် သင်္ဘောများကို စောင့်ကြည့်ရန် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ ပူးပေါင်းသည့် သတိပေးစနစ်တစ်ရပ် ထူထောင်ရန် တောင်းဆိုထားသည်။
လွန်ခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက ဖိလစ်ပိုင် မြောက်ဘက်စွန်း ဘာတန်းနက်စ် (Batanes) ကျွန်းစုအနီး သီးသန့်စီးပွားရေးဇုန်အတွင်း တရုတ်သုတေသနသင်္ဘောတစ်စီးက ခွင့်ပြုချက်မရဘဲ ဝင်ရောက်စုံစမ်းခဲ့သည်။
ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က သွားရောက်စစ်ဆေးချိန်တွင် တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောနှစ်စီးက လာရောက်ရန်စခဲ့ပြီး အဆိုပါ တရုတ်သုတေသန သင်္ဘောကို တရုတ်စစ်သင်္ဘောတွေက အကာအကွယ်ပေးခဲ့ကြောင်း ဖိလစ်ပိုင်ဘက်က စွပ်စွဲထားသည်။
ထို့ပြင် ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးအရှေ့ဘက် ပင်လယ်ပြင်နှင့် နာဂိုယာမြို့အနီး ပင်လယ်ရေအောက် ကေဘယ်ကြိုးများရှိရာ နေရာများ၌လည်း တရုတ်သုတေသနသင်္ဘောများ သွားလာနေသည်ကို ဂြိုဟ်တုအချက်အလက်များအရ တွေ့ရှိခဲ့ရသည်။
ကမ္ဘာ့ဆက်သွယ်ရေးစနစ်၏ ၉၉ ရာခိုင်နှုန်းကို တာဝန်ယူထားသည့် အဆိုပါ ရေအောက် ကေဘယ်ကြိုးများကို အစိုးရက တိုက်ရိုက် ရံပုံငွေသုံးစွဲကာ အကာအကွယ်ပေးရေး အဆင့်မြှင့်တင်သွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ (Sanae Takaichi) က ပြောကြားထားသည်။