ဥရောပ၌ ခရီးသည်တင် လေယာဉ်နှင့် သင်္ဘောများ ဗုံးခြိမ်းခြောက်ခံရမှု ဆက်တိုက်ဖြစ်ပွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။
ဥရောပနိုင်ငံအများအပြား၌ မနေ့က တရက်တည်းတွင် ခရီးသည်တင် လေယာဉ် အနည်းဆုံး ၇ စီးနှင့် ခရီးသည်တင် သင်္ဘောတစ်စီးတို့၌ ဗုံးထည့်ထားသည်ဟု ခြိမ်းခြောက်ခံခဲ့ရမှုကြောင့် လေဆိပ်များနှင့် ခရီးစဉ်အချို့ ရပ်ဆိုင်း နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သည်။
ခြိမ်းခြောက်ခံရသည့် ဖြစ်စဉ်များတွင် ပိုလန်နိုင်ငံ ဝါဆော၊ ဘူဂေးရီးယားနိုင်ငံ ဆိုဖီယာ၊ အီတလီနိုင်ငံ ရောမတို့သို့ ပျံသန်းသည့် လေယာဉ် နှစ်စီးစီ အပါအဝင် စပိန်နိုင်ငံ မာစီယာသို့ ပျံသန်းသည့် လေယာဉ်တစ်စီးတို့ ပါဝင်ခဲ့သည်။
ထို့ပြင် ဂရိနိုင်ငံ ဆီရို့စ်ကျွန်း၌ ဆိုက်ကပ်ထားသည့် အစ္စရေးသို့ ဦးတည်ထွက်ခွာမည့် ခရီးသည်တင် သင်္ဘောတစ်စီးလည်း ခြိမ်းခြောက်ခံခဲ့ရသဖြင့် ရေငုပ်သမားများနှင့် အနံ့ခံခွေးများ အသုံးပြု၍ စစ်ဆေးခဲ့ရသည်။
အာဏာပိုင်များ စစ်ဆေးရှာဖွေရာတွင် မသင်္ကာဖွယ် ပေါက်ကွဲစေတတ်သော ပစ္စည်း သို့မဟုတ် ဗုံး ရေရေရာရာ မတွေ့ရှိခဲ့ရပေ။
လေကြောင်း ဘေးအန္တရာယ်ဆိုင်ရာ အကြံပေးအဖွဲ့ကမူ တစ်ရက်တည်းတွင် လေကြောင်းလိုင်း အများအပြားကို ပစ်မှတ်ထား ခြိမ်းခြောက်သည့် အဆိုပါဖြစ်စဉ်မှာ ထူးခြားပြီး ပုံမှန် ပို့ဆောင်ရေး လုပ်ငန်းစဉ်များကို နှောင့်ယှက်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။