မကွေးတိုင်း ပေါက်မြို့နယ်၌ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာကို စစ်အုပ်စုက နိုဝင်ဘာလ ၃ ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၉၀ အရွယ် မျက်စိမမြင်ရသည့် အဖွားအိုတစ်ဦး အပါအဝင် အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ NUG လက်အောက်ခံ ပေါက်မြို့နယ် လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်း စာနာထောက်ထားရေးဌာနမှ ထုတ်ပြန်ထားသည်။
ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျောက်ခွက်၊ အိုင့်ကျယ်နှင့် လယ်လန်းကျေးရွာတို့ကို ပုဂံညောင်ဦးလေဆိပ်မှ တက်လာသည့် ဂျိုင်ရိုကော့ပတာ ၃ စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မွန်းလွဲ ၂ နာရီခွဲခန့်တွင် လေကြောင်းမှ ဝင်ရောက်တိုက်ခိုက်သွားခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ခွက်ကျေးရွာမှ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးကာ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့ပြင် လယ်လန်းကျေးရွာမှ အသက် ၉၀ အရွယ် မျက်စိမမြင်ရသည့် အဖွားအိုတစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ကိုရင်ကြီးတစ်ပါး အပါအဝင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ပေါက်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ လက်ရှိပေါက်ဘက်အခြမ်းကို လေယာဉ်တွေနဲ့ပါ တိုက်လာတာပါ မြေပြင်အနေအထားကတော့ စစ်ကြောင်းတွေ အဲ့လောက်တက်မလာနိုင်ဘူး၊လာရင်လည်း ရွာတွေကို မီးရှို့ပြီးပြန်ထွက်တာပါ။အခု သေဆုံးတဲ့အထဲ အသက် (၉၀) အရွယ် မျက်စီမမြင်ရတဲ့ အဖွားအို (၁)ဦး ပွဲချင်းပြီးတယ်၊ အိမ်ထောင်စု ကိုးရာကျော်စစ်ရှောင်ရတယ်” ဟု ပြောပြသည်။
စစ်အုပ်စုသည် ပေါက်မြို့နယ်အတွင်းသို့ ဂျက်ဖိုက်တာ၊ Mi-35 နှင့် ဂျိုင်ရိုကော့ပတာများ အသုံးပြု၍ တိုက်ခိုက်ခဲ့ သည့်အပြင် ကပစ (၂၄) လက်နက်စက်ရုံမှ လက်နက်ကြီးများဖြင့်ပါ ၉ ကြိမ်အထိ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများပါ အသုံးပြုတိုက်ခိုက်ခဲ့သည်။ ထိုသို့သော တိုက်ခိုက်မှုများကြောင့် လူနေအိမ်များနှင့် မွေးမြူရေး တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပေါက်မြို့နယ်တောင်ပိုင်းရှိ ဝန်ခြုံး၊ ကျောက်ခွက်၊ အိုင့်ကျယ်၊ သီးချောက်၊ သရဖီနှင့် လယ်လန်းကျေးရွာတို့မှ အိမ်ထောင်စု ၉၅၈ စု၊ လူဦးရေအားဖြင့် အမျိုးသား ၁,၅၄၅ ဦး၊ အမျိုးသမီး ၁,၇၉၆ ဦး၊ စုစုပေါင်း ၃,၃၄၁ ဦး ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။
(ဓါတ်ပုံ – Credit to original uploader)