သာယာဝတီထောင်၌ သက်ကြီး နိုင်ကျဉ်းများကိုပါ အဓမ္မခိုင်းစေပြီး ငွေကြေးတောင်းခံနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်တွင် စစ်အုပ်စု၏ ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများ အပေါ် အဓမ္မအလုပ်ခိုင်းစေခြင်းနှင့် ငွေကြေးအဓမ္မတောင်းခံမှုများကို ပိုမိုပြုလုပ်လာနေကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူက ပြောသည်။

သာယာဝတီအကျဉ်းထောင်၌ ဒုထောင်ပိုင် အပါအဝင် ထောင်အာဏာပိုင်များက အသက် ၆၀ အထက် သက်ကြီး ရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူ နိုင်ငံရေးအကျဉ်းသားများကိုပါ အဓမ္မအလုပ်ခိုင်းစေနေပြီး၊ အလုပ်မလုပ်နိုင် ပါက တစ်ဦးလျှင် ငွေကျပ် ၁ သိန်းစီ ပေးဆောင်ရမည်ဟုဆိုကာ ငွေကြေးအဓမ္မ တောင်းခံလျက်ရှိသည်ဟု PPNM က ဆိုသည်။

PPNM ၏ ဦးဆောင်ကော်မတီဝင်ဖြစ်သူ မရောင်နီလင်းက “တခြားထောင်တွေမှာဆိုရင် ပုံမှန်အားဖြင့် ငွေကြေး ကောက်ခံတယ်၊ အလုပ်လုပ်ခိုင်းတယ်ဆိုတာတွေက လူငယ်တွေလောက်ပဲ များတယ်ပေါ့နော်။ အသက်ကြီးပိုင်း တွေ ဆိုလို့ရှိရင် တချို့ထောင်တွေက အဲ့လို ငွေကြေး မကောက်ခံတာမျိုးပေါ့နော်။ အလုပ်မခိုင်းတာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ ဒီထောင်မှာက အသက်ကြီးတဲ့ သူတွေကိုပါ အလုပ်လုပ်ခိုင်းတယ်၊ ပြီးတော့ အလုပ် မလုပ်နိုင် ရင် ငွေတောင်းခံတယ် ပေါ့နော်” ဟု ပြောသည်။

ငွေကြေး မပေးဆောင်နိုင်သူများကို နံနက်ထောင်တံခါးဖွင့်ချိန်မှ ညနေ တံခါးပိတ်ချိန်အထိ နေပူထဲ၌ စိုက်ပျိုးရေး နှင့် ရေလောင်း၊ ပေါင်းသင်ခြင်းစသည့် အလုပ်ကြမ်းများကို ပိုမိုခိုင်းစေပြီး၊ အမျိုးသားအဆောင်များတွင် အခန်း ပြောင်း၊ အဆောင်ပြောင်းရွှေ့၍ ဖိနှိပ်မှုများ ပြုလုပ်လျက်ရှိသည်။

အဆိုပါ အကျဉ်းထောင်အတွင်း အောက်တိုဘာလတစ်လတည်း၌ပင် သီတင်းကျွတ်အကြောင်းပြချက် အပါ အဝင် ငွေကြေးအဓမ္မ ကောက်ခံမှု ၈ ကြိမ်အထိ ရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများအပြင် အခြားအကျဉ်းသား များထံမှပါ ငွေကြေးကောက်ခံကာ မတရားသဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်နေကြသည်။

မရောင်နီလင်းက ဆက်လက်၍ “အဓိကကတော့ အောက်တိုဘာလ တစ်လတည်းမှာပဲ ငွေကြေးကောက်ခံမှုတွေ ၈ ခါ တောင် မှ ရှိခဲ့တယ်ပေါ့လေ။ သီတင်းကျွတ်ဆိုလို့ရှိရင်လည်း သီတင်းကျွတ်မို့လို့ ပိုက်ဆံကောက်တာမျိုး ပေါ့နော် ဒါမျိုးတွေ ရှိနေတယ်။ အထဲက နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေ အပါအဝင် အခြား အကျဉ်း သားတွေကိုလည်း ကောက်တာကို တွေ့ရတယ်။ ဒီလိုမျိုး ငွေကြေးကောက်ခံမှုတွေက ဒီ အထဲမှာကျနေတဲ့ အကျဉ်းသားတွေ ဆီကနေမှ မတရားသဖြင့်ပေါ့နော် အမြတ် ထုတ်နေတယ်၊ ခေါင်းပုံဖြတ်နေတယ်လို့ ကျနော် တို့အနေနဲ့ သုံးသပ်မိပါတယ်” ဟု ရှင်းပြသည်။

ထို့ပြင် အကျဉ်းထောင်အတွင်း ပေးဝေသည့် သောက်ရေမှာ မသန့်ရှင်းသဖြင့် အကျဉ်းသားများက ဈေးဘားမှ တစ်ဆင့် ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူနေကြရသည့်အပြင်၊ ရောဂါဝေဒနာ ခံစားရပါကလည်း ဗီတာမင် B1 နှင့် Cevit ဆေးပြားများကိုသာ ထုတ်ပေးလျက်ရှိသည်။

အစားအသောက်များမှာလည်း အာဟာရဓာတ် မလုံလောက်သဖြင့် အောက်ပိုင်းချည့်နဲ့သည့် ရောဂါခံစားနေရ သော်လည်း ဆေးဘက်ဆိုင်ရာ မှတ်ချက်များတွင် ထောင်အာဏာပိုင်များက အမှန်အတိုင်း မရေးဘဲ လိမ်လည် ရေးသားနေကြသည်။

ထောင်အာဏာပိုင်တို့၏ ဖိနှိပ်မှုများနှင့် ပတ်သက်၍ PPNM မှ မရောင်နီလင်းက “ပြင်ပအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာတွေကိုတော့ ကျွန်တော်တို့ ဒီအကျဉ်းထောင်မှာ ဖိနှိပ် ခံရတာတွေက ဒီသာယာဝတီထောင်မှာတင် မဟုတ်ဘူးပေါ့နော်။ အခြားအကျဉ်းထောင်တွေမှာလည်း ဒီလိုမျိုး ဖိနှိပ် ခံရတာမျိုးတွေက ရှိနေပါတယ်။ ဒါက သတင်းထုတ်ပြန်နေရုံနဲ့တင် မလုံလောက်တော့ဘူး။ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်ရှင်” ဟု ထောက်ပြတောင်းဆိုထားသည်။

အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသားများအပေါ် ယခုကဲ့သို့ ဖိနှိပ်ငွေကြေး တောင်းခံမှုများ မရှိစေရေးအတွက် ဆက်လက်စောင့်ကြည့်သွားမည်ဟု PPNM က နိုဝင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – (သာယာဝတီအကျဉ်းထောင် အပြင်ဘက်မြင်ကွင်းကို တွေ့ရစဉ် – ပုံဟောင်း။ / AAPP)