ဥရောပတစ်ခွင် လေယာဉ် ၃၀ နီးပါး ဗုံးခြိမ်းခြောက်မှုနှင့် ကြုံတွေ့ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
 ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်။

ဥရောပနိုင်ငံများ၌ ခရီးသည်တင် လေယာဉ်လိုင်း ပေါင်းများစွာ ဗုံးခြိမ်းခြောက်မှုများနှင့် ဆက်တိုက် ကြုံတွေ့ခဲ့ရသဖြင့် နိုင်ငံအများအပြားတွင် လေယာဉ်များ အရေးပေါ် ဆင်းသက်ခဲ့ရသည့်အပြင် စစ်တပ်မှ တိုက်လေယာဉ်များပါ အရေးပေါ် လိုက်ပါ ခြံရံခဲ့ရကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြသည်။

နိုဝင်ဘာ ၅ ရက်က ရောမ၊ မီလန်၊ ပါရီ၊ ဝါဆောနှင့် ပရာ့ဂ် စသည့် မြို့များသို့ ပျံသန်းမည့် Aer Lingus, Wizz Air, EasyJet နှင့် Iberia အပါအဝင် လေကြောင်းလိုင်းများ၏ လေယာဉ် ပေါင်း ၃၀ နီးပါး ဗုံးခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံ၌ လေယာဉ်မှူးနှင့် အဆက်အသွယ် ပြတ်တောက်သွားသည့် လေယာဉ်တစ်စီးကို စစ်တပ်က တိုက်လေယာဉ်များ စေလွှတ်၍ အနီးဆုံး စစ်အခြေစိုက်စခန်းသို့ အရေးပေါ် လိုက်ပါ ခြံရံ ပို့ဆောင်ခဲ့ရသည်။

အီတလီ၊ စပိန်နှင့် ပိုလန်နိုင်ငံတို့တွင်လည်း ခရီးသည်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရသည်။

အီးမေးလ်မှတစ်ဆင့် ရောက်ရှိလာသည့် အဆိုပါ ဗုံးဖောက်ခွဲမှု ခြိမ်းခြောက်စာများနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို တိကျစွာ မသိရသေးသော်လည်း ဥရောပ လုံခြုံရေး ကျွမ်းကျင်သူများကမူ နိုင်ငံအလိုက် တည်ငြိမ်မှု ပျက်ပြားစေရန် စနစ်တကျ ဆောင်ရွက်သည့် ဘက်စုံစစ်ဆင်ရေး (Hybrid Attack) တစ်ခု ဖြစ်နိုင်ကြောင်း သုံးသပ်ထားကြသည်။

ထို့ပြင် ဥရောပနိုင်ငံအချို့ရှိ စူပါမားကတ်များနှင့် ပြင်သစ်နိုင်ငံရှိ သွေးဘဏ်စနစ်များတွင်လည်း အအေးပေးစနစ်များ ဆိုက်ဘာ တိုက်ခိုက်ခံရမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။