ပြင်သစ်တွင် ဆန္ဒပြသူ ၅ သိန်းကျော် လမ်းပေါ်ထွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်

ပြင်သစ်နိုင်ငံ၌ ကုန်ဈေးနှုန်း အလွန်အမင်း ကြီးမားလာခြင်းနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ လျှော့ချခံရခြင်းကို ဆန့်ကျင်သည့်အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အထွေထွေသပိတ်မှောက်ကာ ပြည်သူ ၅ သိန်းခွဲကျော် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

နိုဝင်ဘာ ၅ ရက်က ပြုလုပ်သည့် အဆိုပါ သပိတ်တွင် ဆရာ၊ ဆရာမများ၊ ရထားလုပ်သားများ၊ ဆေးရုံဝန်ထမ်းများ၊ စွမ်းအင်လုပ်သားများနှင့် ကျောင်းသားများ အပါအဝင် အလွှာစုံမှ ပြည်သူများ ပါဝင်ခဲ့ကြသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဆန္ဒပြသူ ၅၇၀,၀၀၀ ကျော် ရှိခဲ့သည်ဟု ဆိုသော်လည်း CGT အလုပ်သမားသမဂ္ဂကမူ ပါဝင်သူ ၁ ဒသမ ၆ သန်းအထိ ရှိကြောင်း ပြောကြားသည်။

ဆန္ဒပြပွဲ အများစုမှာ အေးချမ်းသော်လည်း ပါရီနှင့် လီယွန် အပါအဝင် မြို့ကြီးအချို့တွင် ရဲတပ်ဖွဲ့နှင့် ထိတွေ့ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ သုံး၍ ဖြိုခွင်းခဲ့သဖြင့် အနည်းဆုံး လူ ၄၄၈ ဦး ဖမ်းဆီးခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် ၅၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ဆန္ဒပြသူများသည် အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ပေးရန်၊ ကုန်ဈေးနှုန်းနှင့် စက်သုံးဆီဈေး လျှော့ချပေးရန်၊ အခွန်စနစ် ပြင်ဆင်ရန်နှင့် စာသင်ကျောင်းများ၏ အခြေအနေ ပိုမိုကောင်းမွန်လာစေရန် တောင်းဆိုနေကြခြင်းဖြစ်သည်။

လာမည့် ၅ လအကြာတွင် ပြင်သစ် သမ္မတရွေးကောက်ပွဲ ကျင်းပရန် ရှိနေချိန်၌ ယခုကဲ့သို့ သပိတ်မှောက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိတွင် ဂျာမနီ၊ စပိန်၊ အီတလီနှင့် ပေါ်တူဂီ အပါအဝင် ဥရောပနိုင်ငံ အများအပြား၌ပါ ကုန်ဈေးနှုန်း ကြီးမားမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပျံ့နှံ့လျက်ရှိသည်။