ထိုင်းနိုင်ငံက 7-eleven စတိုးဆိုင်များတွင် စက်ရုပ်များ ဈေးရောင်းတော့မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်။
ထိုင်းနိုင်ငံတွင် စတိုးဆိုင် အများဆုံး ပါဝင်သည့် 7-eleven စတိုးဆိုင်များက ညဆိုင်း အလုပ်သမားများနေရာတွင် စက်ရုပ်များကို အစားထိုးခန့်ထားဖို့ ပြင်ဆင်နေသည်ဟု ဆိုသည်။
(7-Eleven) စတိုးဆိုင်များကို လည်ပတ်နေသည့် CP Group ၏ အကြီးတန်း ဥက္ကဋ္ဌ သနင် ချေရာဗာနွန် (Dhanin Chearavanont) က စိုက်ပျိုးရေး၊ စက်ရုံများ၊ ပစ္စည်းဖြန့်ဖြူးရေး စက်ရုံများနှင့် ၇-အီလဲဗင်းကဲ့သို့ ၂၄ နာရီ ဖွင့်လှစ်သည့် အရောင်းဆိုင်များတွင် အသုံးပြုနိုင်မည့် ရိုဘော့တ် (Robot) များကို တီထွင်ထုတ်လုပ်ရန် အသက် ၃၃ နှစ်အရွယ် တရုတ် သိပ္ပံပညာရှင်တစ်ဦး၏ စီးပွားရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားကြောင်း ပြောကြားလိုက်သည်။
အဆိုပါ ရိုဘော့တ်များကို လူအများအပြား လုပ်ကိုင်ရန် ဆန္ဒမရှိကြသည့် ၇-အီလဲဗင်းဆိုင်များ၏ ညဆိုင်း (၂ ဆိုင်း) အတွင်း အစားထိုး တာဝန်ယူ စေခိုင်းသွားရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
THE STANDARD ECONOMIC FORUM 2026 တွင် ၎င်းက ပြောကြားခဲ့ရာ၌ ရိုဘော့တ်များသည် ရက်နားယူရန် မလိုဘဲ တစ်နေ့လျှင် ၂၄ နာရီပတ်လုံး အလုပ်လုပ်နိုင်ကြောင်း၊ ဝန်ထမ်းခံစားခွင့်များပေးရန် မလိုသည့်အပြင် “တရားစွဲဆိုခြင်းလည်း ပြုလုပ်နိုင်မည်မဟုတ်” ဟု ဆိုသည်။
ဆန်းသစ်လာသည့် AI နည်းပညာ၏ အကူအညီဖြင့် အဆိုပါ စက်ရုပ်များကို ၉ လမှ ၁၀ လအတွင်း ရလဒ်ထွက်အောင် တီထွင်နိုင်ပြီဖြစ်ပြီး နောက်ဆုံး ၁၀ နှစ် အတွင်း လူသားများကဲ့သို့ အပြည့်အဝ လုပ်ကိုင်နိုင်စွမ်း ရှိလာမည်ဖြစ်ကြောင်း သနင်က သုံးသပ်ထားသည်။
နည်းပညာ အပြောင်းအလဲကြောင့် ယာယီအားဖြင့် အလုပ်အကိုင် ဆုံးရှုံးမှုအချို့ ရှိလာနိုင်သော်လည်း လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်က အမေရိကန်တွင် ထွန်စက်များ စတင်သုံးစွဲချိန်ကဲ့သို့ပင် စီးပွားရေးလုပ်ငန်းနှင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ထပ်မံ ထွက်ပေါ်လာမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။
သို့သော် ၇-အီလဲဗင်း စတိုးဆိုင်များတွင် စက်ရုပ်ဝန်ထမ်းများကို မည်သည့်နေ့ရက်၌ စတင် အသုံးပြုမည်ဆိုသည့် တိကျသော ကာလကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။