ထိုင်းလေတပ် နှစ် ၉၀ ပြည့် အခမ်းအနားသို့ မြန်မာနှင့် လာအို လေတပ်များ ပထမဆုံးအကြိမ် ပါဝင် တက်ရောက်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်။

လာမည့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည့် ထိုင်းဘုရင့်လေတပ် နှစ် ၉၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာနှင့် လာအို လေတပ်တို့ ပထမဆုံးအကြိမ် ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း ထိုင်းလေတပ်ဦးစီးချုပ် လေတပ်ဗိုလ်ချုပ်ကြီး ဆက်ဆန် ခန်သာက နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။

ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် လေကြောင်းပြပွဲတွင် မြန်မာလေတပ်က Su-30 တိုက်လေယာဉ် တစ်စင်းကို မြေပြင်ပြပွဲအတွက် စေလွှတ်ပြသသွားမည် ဖြစ်သည်။

မြန်မာလေတပ်အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း ထိုင်းလေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်မှုများ ထပ်မံမရှိတော့ကြောင်း လေတပ်ဗိုလ်ချုပ်ကြီး ဆက်ဆန် ခန်သာက ဆိုသည်။

သို့သော် မြန်မာ့ပြည်တွင်းရေး ပဋိပက္ခများကြောင့် နယ်စပ်ဒေသခံများအပေါ် ထိခိုက်မှု ရှိနေနိုင်သေးသဖြင့် နှစ်ဖက်စလုံး သတိထားကြရန် တိုက်တွန်းထားပြီး မမျှော်လင့်ဘဲ လေပိုင်နက် ကျူးကျော်လာပါက ကာကွယ်ရန် အသင့်ရှိနေကြောင်း ၎င်းက ပြောသည်။

တစ်ဆက်တည်းမှာပင် ထိုင်းလေတပ်အတွက် ဘတ်ငွေ ဘီလီယံ ၆၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၆ ဘီလီယံခန့်) တန်ဖိုးရှိ Gripen တိုက်လေယာဉ် ၈ စင်း ဝယ်ယူရန် စီစဉ်နေကြောင်းလည်း ထိုင်းလေတပ်ဦးစီးချုပ်က ထုတ်ဖော်ပြောကြားသည်။

အဆိုပါ ဝယ်ယူမှုအစီအစဉ်နှင့် ဘတ်ဂျက်ကို ၂၀၂၇ ခုနှစ်တွင် စတင်ရေးဆွဲမည်ဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် အနားပေးမည့် လေယာဉ်ဟောင်းများနေရာ၌ အစားထိုး အသုံးပြုသွားမည်ဖြစ်သည်။

ထို့အပြင် နောက်ထပ် ၅ နှစ်အတွင်း အခြားလေယာဉ်အုပ်စု တစ်ခုအတွက် F-35 တိုက်လေယာဉ်များ ဝယ်ယူရန် စဉ်းစားနေသကဲ့သို့ ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း တိုက်ခိုက်ရေး ဒရုန်းများ ဝယ်ယူရန်လည်း ပြင်ဆင်လျက်ရှိသည်။