ထိုင်းဘုရင့်လေတပ် လေ့ကျင့်ရေး လေယာဉ် ပျက်ကျပြီး လေသူရဲ ၂ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။
ဒီကနေ့ ဇန္နဝါရီလ ၂၉ ရက် နံနက်ပိုင်းတွင် ချင်းမိုင်မြို့တွင် ထိုင်းဘုရင့်လေတပ်မှ လေ့ကျင့်ပျံသန်းမှု ပြုလုပ်နေစဉ် AT-6TH ပန်ကာ တစ်လုံးတပ် လေယာဉ်ပျက်ကျခဲ့ရာ လေသူရဲ နှစ်ဦးစလုံး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့သည်။
လေတပ်၏ အတည်ပြုချက်အရ ယနေ့နံနက် ၁၀:၃၀ အချိန်တွင် လေသူရဲ နှစ်ဦးလိုက်ပါသွားသော AT-6TH အမျိုးအစား လေယာဉ်သည် ချင်းမိုင်ခရိုင်၊ ချွမ်ထောင်း (Chom Thong) မြို့နယ်၊ ဟွေ့ဖန် (Huai Fang) ကျေးရွာအနီး၌ လေ့ကျင့်ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟု ဘုရင့်လေတပ်က ထုတ်ပြန်ကြေညာသည်။
ယခု ပျက်ကျခဲ့သော AT-6TH လေယာဉ်များမှာ ချင်းမိုင် အခြေစိုက် အမှတ် ၄၁ (Wing 41) လေတပ်စခန်းမှ ဖြစ်ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင်မှ အမေရိကန်နိုင်ငံမှ ထိုင်းနိုင်ငံအတွက် သီးသန့် ဒီဇိုင်းထုတ်ကာ ပေးပို့ခဲ့သော လေယာဉ်များ ဖြစ်သည်။
လေယာဉ်မှာ စက်ချို့ယွင်းမှု ကြောင့် သို့မဟုတ် ရာသီဉတုကြောင့် ပျက်ကျခဲ့ရခြင်း ဟုတ်မဟုတ်ကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။