အသက်၁၀၀ ထိ နေလိုလျှင် အသားစားရန် လို 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်ဇန္နဝါရီလ ၂၈ ရက်။ 

အသက် ၈၀ ကျော် အရွယ်ရှိ တရုတ်လူမျိုး ၅,၀၀၀ ကျော်ကို နှစ်ပေါင်း ၂၀ ကြာ စောင့်ကြည့်လေ့လာ ခဲ့သည့် သုတေသနအသစ်အရ အသားစားသုံးသူများသည် အသက် ၁၀၀ ပြည့်သည်အထိ နေထိုင်နိုင်ရန် အလားအလာ ပိုမိုများပြားကြောင်း တွေ့ရှိရသည်။

ဤတွေ့ရှိချက်သည် ယခင်က အပင်အခြေခံ စားသောက်မှု (Vegetarian) သည် ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်သည်ဟူသော အဆိုပြုချက်များနှင့် ကွဲလွဲနေသည်။ 

သုတေသနပညာရှင်များ၏ အဆိုအရ အသက် ၈၀ ကျော်လာသောအခါ လူ့ခန္ဓာကိုယ်တွင် ကြွက်သားထုနှင့် အရိုးသိပ်သည်းဆများ သိသိသာသာ လျော့နည်းလာပြီး အစာစားချင်စိတ်လည်း ကျဆင်းလာတတ်သည်။ 

ထို့ကြောင့် အသက်အလွန်ကြီးရင့်လာချိန်တွင် ရောဂါကာကွယ်ရေးထက် “ကိုယ်အလေးချိန် မကျဆင်းစေရန်နှင့် ကြွက်သားများ မဆုံးရှုံးစေရန်” ထိန်းသိမ်းခြင်းက ပိုမိုအရေးကြီးလာသည်။

သို့သော် ဤတွေ့ရှိချက်သည် ကိုယ်အလေးချိန် မပြည့်မီသူ (Underweight) များအတွက် ပိုမိုသက်ဆိုင်ပြီး၊ ကိုယ်အလေးချိန် ပုံမှန်ရှိသည့် သက်သတ်လွတ်သမားများအတွက်မူ အသက် ၁၀၀ ပြည့်ရန် အလားအလာ လျော့နည်းခြင်း မရှိကြောင်း ဆိုသည်။ 

ထို့ပြင် အသားလုံးဝ မစားသော်လည်း ငါး၊ ဥနှင့် နို့ထွက်ပစ္စည်း စားသုံးသူများသည် အသားစားသူများကဲ့သို့ပင် အသက်ရှည်ရန် အခွင့်အလမ်း တူညီကြသည်။ 

အကြောင်းမှာ ယင်းအစားအစာများက လိုအပ်သော ပရိုတင်း၊ ဗီတာမင် B12 နှင့် D ဓာတ်တို့ကို ဖြည့်ဆည်းပေးနိုင်သောကြောင့်ဖြစ်သည်။ 

ထို့ကြောင့် အသက် ၈၀ ကျော်အရွယ်တွင် အာဟာရချို့တဲ့မှု မဖြစ်စေရန်နှင့် အသက် ၁၀၀ အထိ အသက်ရှည်နိုင်ရန်အတွက် အသား သို့မဟုတ် အာဟာရပြည့်ဝသော အစားအစာများကို စနစ်တကျ ရွေးချယ်စားသုံးသင့်ကြောင်း သုတေသီများက အကြံပြုထားသည်။