မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနေထိုင်တဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဝပ်ကုတောက် ဘုန်းကြီးကျောင်း အနီးတစ်ဝိုက်ကို ဒီကနေ့ မနက်လင်းအားကြီးအချိန်က ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပြီး မူးယစ်ဆေးသုံးစွဲသူအပါအဝင် မြန်မာနိုင်ငံသား ၁၁ ယောက် ဖမ်းဆီးခဲ့သည်။

မတ်လ ၁၅ ရက်နေ့ မနက် ၆ နာရီက ချင်းမိုင်မြို့မှာရှိတဲ့ အမှတ် ၃၃ တပ်မလက်အောက်ခံ စစ်တပ်နဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တာဝန်ရှိသူများ၊ အလုပ်သမားရေးရာ တာဝန်ရှိသူများ နဲ့ ချန့်ဖိတ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား များ နေထိုင်တဲ့ ဝပ်ကုတောက်ရှမ်းဘုန်းတော်ကြီးကျောင်းအနီးတစ်ဝိုက်မှာ ရှာဖွေစစ်ဆေးခဲ့သည် ဟု သိရသည်။

အိမ်အမှတ် ၃၀/၃၄ မှာရှိတဲ့ ဝပ်ကုတောက်လမ်း ချန့်ဖိတ်ရပ်ကွက်က အငှားနေထိုင်ကြတဲ့ ၇ နှစ်ထပ်တိုက်ခန်းတွဲကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာမှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ပစ္စည်းအများအပြား တွေ့ရှိခဲ့ပြီး တရားဝင်နေထိုင်ခွင့်လက်မှတ်နဲ့ ဆီးစစ်ဆေးခဲ့ရာမှာ မူးယစ်ဆေးဝါး သုံးစွဲသူ ၃ ဦး၊ တရားဝင်နေထိုင်ခွင့်လက်မှတ်မရှိသူ ၃ ဦး အပါအဝင် မြန်မာနိုင်ငံသား ၁၁ ဦး ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

လောလောဆယ် ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို ချင်းမိုင်မြို့မှာရှိတဲ့ ချန့်ဖိတ်ရဲစခန်းမှာ ဖမ်းဆီးထိမ်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးရင် ဥပဒေအရ အရေးယူသွားမည်ဟု သိရသည်။