သီပေါစော်ဘွားဘဝဖြစ်ရပ်မှန် ရုပ်ရှင်ဇတ်ကား ချင်းမိုင်မြို့တွင် မိတ်ဆက်ပြသ
သတင်းနှင့် မီဒီယာ ကွန်ယက်။
မေလ ၂၉ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
ရှမ်းပြည်နယ်မှ သီပေါစော်ဘွား စပ်ကြာဆိုင် (SAO KYA SENG) နှင့် မဟာဒေဝီ တို့၏ ဘဝဖြစ်ရပ်မှန် ဇတ်လမ်း Twilight Over BURMA ရုပ်ရှင်ဇတ်ကား မိတ်ဆက်ပွဲအား မေလ ၂၈ ရက်နေ့ညက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Art Museum ခမ်းမတွင် ပြသခဲ့သည်။
၁၉၂၄ ခုနှစ်မှ ၁၉၆၂ ခုနှစ်ထိ ဖြစ်ပျက်ခဲ့သည့် အခြေအနေများကို သီပေါစော်ဘွား၏ မဟာဒေဝီ Inge Sargent ကိုယ်တိုင်ရေးသားခဲ့သော Twilight Over Burma: My Life as a Shan Princess ကို အခြေခံရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်ဟု သိရသည်။
ဇတ်လမ်းတွင် သီပေါစော်ဘွား အမေရိကန်နိုင်ငံကို ပညာသွားရောက်သင်ကြားရာမှ သြစတေးလျ နိုင်ငံသူနှင့် ချစ်ကြိုက်ခဲ့ပုံနှင့် မြန်မာနိုင်ငံကို အတူပြန်လာခဲ့ကြပုံကို ဇတ်လမ်းအစတွင် ပုံဖော်ပြသခဲ့သည်။
နောက်ပိုင်းတွင် တော်လှန်ရေးကောင်စီအစိုးရလက်ထက် ဗိုလ်ချူပ်နေဝင်း မှ အာဏာသိမ်းယူခဲ့ပြီး သီပေါစော်ဘွား စပ်ကြာဆိုင် (SAO KYA SENG) ကိုဖမ်းဆီးခံခဲ့ရပြီး သူအုပ်ချူပ်သည့်နယ်မြေကို လွဲပေးဖို့ လက်မှတ်မထိုးပေးသည့်အတွက် ရိုက်နှက်ပြီး အဆုံးစီရင်ခံခဲ့ရသည့် ဇတ်ကြောင်းကို ပုံဖော်ရိုက်ကူးထားသည်။
တစ်ချိန်တည်းမှာပင် သူ့ရဲ့ဇနီး မဟာဒေဝီ နှင့် သမီးနှစ်ယောက်ဟာလည်း ရှမ်းပြည်နယ်မှတဆင့် မြန်မာနိုင်ငံကနေ ထွက်ခွာသွားခဲ့ရပြီး မိသားစု တကွဲတပြားဖြစ်ခဲ့ရပုံများအပါအဝင် သီပေါစော်ဘွား ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုပုံစံ အမျိုးမျိုး ကိုလည်း ရိုက်ကူးဖော်ပြထားကြောင်း တွေ့ရသည်။
၎င်းရုပ်ရှင်ပြပွဲတွင် အဓိက မင်းသမီး မဟာဒေဝီ Inge Sargent နေရာတွင် သရုပ်ဆောင်ခဲ့သည့် Maria Ehlich နှင့် Producer အပါအဝင် ဇတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် သရုပ်ဆောင် များလည်း လာရောက်ကြည့်ရှု့ခဲ့ကြပြီး ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ရုံးနှင့် သံရုံးများက တာဝန်ရှိသူများလည်း လာရောက်ကြည့်ရှု့အားပေးခဲ့ကြသည်။
ဤဇတ်ကားကို မြန်မာနိုင်ငံအတွင်းမှာ လာမည့်ဇွန်လလယ်ပိုင်းတွင် ပြသသွားရန်ရှိသည်ဟုလည်း သိရသည်။