RCSS ဥက္ကဌ နှင့် KIO ဒုဥက္ကဌ သီးခြားတွေ့ဆုံ

သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇွန်လ ၁ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ငြိမ်းချမ်းရေး ကိစ္စအပါအဝင် ရှမ်းပြည်နယ်က ပဋ္ဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်ဆစ် နှင့် KIO ဒု ဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ တို့ ဒီကနေ့ ဇွန်လ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့တို့အကြား ဖြစ်ပေါ်နေတဲ့ ပြသနာများနှင့် ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု RCSS အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ မှ ပြောသည်။

ဗိုလ်ချူပ်ကြီး အင်ဘန်လ ကတော့ တိုက်ပွဲမဖြစ်တာကို သူက မေတ္တာရပ်ခံတာပေါ့နော် ကျနော်တို့ ဥက္ကဌ ကြီးက ပြန်ပြောတယ် တိုက်ပွဲ မဖြစ်တာကတော့ ကောင်းတာပေါ့တဲ့ ဒါပေမယ့် သူတို့က လာမတိုက်တာက ပိုကောင်းတယ် သူတို့က လာတိုက်နေလို့တိုက်ပွဲ ဖြစ်ရတာပဲ ဖြစ်တယ်တဲ့ သူကလည်း နားလည်တာပေါ့နော် ပဋ္ဋိပက္ခ ဖြစ်တဲ့ကိစ္စ အခုအချိန်မှာ သူ့နယ် ကိုယ့်နယ်လို့ မပြောပဲနဲ့ အတူတူ နေထိုင်တဲ့ နည်းလမ်းကို ရှာလို့ရရင်တော့ အကောင်းဆုံးပဲပေါ့ အဲ့ဒါကိုလည်း ကျနော်တို့က မငြင်းပါဘူး။ တွေ့ဆုံဆွေးနွေးနိုင်အောင်တော့ ဆောင်ရွက်ပေးရင် တော့ ပိုကောင်းတာပေါ့ ဆိုပြီးတော့ ကျနော်တို့ကလည်း အဲ့လို ပြန်ပြောပါတယ်။ 

ထိပ်သီးခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုတွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ မှ အမြန်ဆုံး တွေ့ဆုံဆွေးနွေးပြီး အဖြေရှာကြရန် တိုက်တွန်း ပြောဆိုခဲ့ပြီး RCSS ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်ဆစ် မှ ထိုင်းနိုင်ငံ သို့မဟုတ် ထိုင်း မြန်မာ နယ်စပ် တစ်နေရာတွင် တွေ့ဆုံဆွေးနွေးကြရန် အကြောင်းပြန်လိုက်သည်ဟု သိရသည်။

ထို့အပြင် လက်ရှိမြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ၊ တိုင်းရင်းသား လက်နက်ကိုင် အရေးကိစ္စ များနှင့် ပတ်သက်၍လည်း အမြင်သဘောထားတွေ ဖလှယ်ခဲ့ကြပြီး ရှေ့ဆက်ငြိမ်းချမ်းရေးအတွက် ဆက်လက်လုပ်ဆောင်နိုင်ရန်ကိစ္စများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့နှင့် ပလောင်အမျိုးသားလွတ်မြောက်ရေး တပ်ဦး PSLF အဖွဲ့တို့သည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှစ၍ နှစ်ဖက် တပ်ဖွဲ့များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့မှုကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။