ဘုံရပ်တည်ချက်ချမှတ်နိုင်ရေး တိုင်းရင်းသားညီလာခံ ခေါ်ယူရန်ကြိုးစားမည်

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇွန်လ ၃ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသားအဖွဲ့အစည်းအားလုံး၏ ဘုံသဘောတူညီချက်နှင့် ရပ်တည်ချက်သဘောထားများ တင်ပြနိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးပါဝင်သည့် ညီလာခံ တစ်ရပ်အား ၂၁ ရာစုပင်လုံညီလာခံ မကျင်ပမှီအချိန်တွင် စုစည်း ကျင်းပသွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၃ ရက်ကြာ ကျင်းပခဲ့သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် တိုးချဲ့အစည်းအဝေးတွင် တက်ရောက်လာသည့် ခေါင်းဆောင်များမှ သဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဒီကိစ္စနှင့် ပတ်သက်၍ UNFC တွဲဖက်အထွေထွေ အတွင်းရေးမှူး ၁ ဦးထွန်းဇော် က ဇွန်လ ၃ ရက်နေ့ အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ယခုလို ပြောဆိုသည်။

တိုင်းရင်းသားတွေကြားထဲမှာ တစ်သံတည်း ထွက်ဖို့ပေါ့နော် အတူတကွ ဆက်လက်ပြီးတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာသွားနိုင်ဖို့အတွက် ကျနော်တို့ အဲ့သဘောထား ချမှတ်ထားပါတယ် အဲ့ဒါကြောင့် ၈ ဖွဲ့နဲ့လည်းပဲ ကျနော်တို့ UNFC က သက်ဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ ဆက်လက်ပြီးတော့မှ ဆွေးနွေးညှိနှိုင်းသွားဖို့ ရှိပါတယ်။

၎င်းအစည်းအဝေးအား ကချင်ပြည်နယ် KIO ထိန်းချူပ်နယ်မြေဖြစ်သည့် မိုင်ဂျာယန် တွင် ကျင်းပသွားဖို့ ယာထားသော်လည်း တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ UNFC အတွင်းရေးမှူး အဖွဲ့ဝင်များမှ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

အစည်းအဝေးတွင် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF အဖွဲ့နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ MNDAA အဖွဲ့က UNFC အဖွဲ့ကနေနုတ်ထွက်ခွင့် တင်ထားမှု ကိစ္စနဲ့ပတ်သက်ပြီး တိကျသည့် ဆုံးဖြတ်ချက်မျိုး မချနိုင်ခဲ့ပဲ လာမည့် သြဂုတ်လတွင်ကျင်းပမည့် UNFC ညီလာခံတွင် ဆုံးဖြတ်သွားကြမည်ဟု ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

နိုင်ငံရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားဒေသများနှင့်ကိုက်ညီသည့် ပညာရေး၊ ကျန်းမာရေး၊ ဒုက္ခသည်အရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေး၊ စတဲ့ မူဝါဒ ၉ ခုကိုလည်း တိုင်းရင်းသား လူမျိုးများ ရေးရာစင်တာ ( ပြည်ထောင်စု မြန်မာနိုင်ငံ) ENAC အဖွဲ့က ၂ နှစ်ကြာ ပြုစုတင်ပြခဲ့ပြီး တိုင်းရင်းသားခေါင်းဆောင်များက သဘောတူကြောင်း အတည်ပြုခဲ့ကြသည်ဟု ဦးထွန်းဇော် မှ ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) အကြိုပြင်ဆင်ရေးကော်မတီ နှင့် နိုင်ငံရေး ဆိုင်ရာ တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည့် ကိစ္စ နှင့် ပတ်သက်၍လည်း ယခုတွေ့ဆုံမှုမှသည် လိုအပ်သည့်လုပ်ငန်းကိစ္စရပ်များ ဆက်လက်ဆောင် ရွက်သွားကြရန် နှစ်ဖက် သဘောထားရှိကြောင်း ယနေ့ အစည်းအဝေးအပြီးတွင် ထုတ်ပြန်ကြေ ညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချူပ် NCA လက်မှတ်မရေးထိုးကြရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တပ်ပေါင်းစုအဖွဲ့တစ်ခုဖြစ်သည်။