ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် တိုင်းရင်းသားများအား ဖိတ်ခေါ်
သတင်းနှင်မီဒီယာ ကွန်ယက်။
ဇွန်လ ၁၄ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်မရေးထိုးကြရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များတွေ့ဆုံရန် ဇွန်လ ၁၂ ရက်နေ့ တနင်္ဂနွေနေ့တွင် အစိုးရမှ တရားဝင်စာဖြင့် ပေးပို့ဖိတ်ခေါ်လိုက်သည်ဟု သိရသည်။
NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချူပ် လက်မှတ်မရေးထိုးကြ ရသေးသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ ထံလိပ်မူ၍ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိပြင်ဆင်ရေးကော်မ တီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း မှ စာရေးပေးပို့လာပြီး ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်ပေါ်လာရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှ ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်မှ အတည်ပြု ပြောသည်။
ဒေါက်တာ တင်မျိုးဝင်း ကနေရေးလိုက်တာပါ၊ UNFC ဥက္ကဌ ကိုလိပ်မူပြီးစာရေးလိုက်တာ၊ UNFC ဥက္ကဌ ကနေပြီးတော့ နိုင်ငံတော် အတိုင်ပင်ခံနဲ့ လာတွေ့မယ်ဆိုရင်လည်းပဲ ကြိုဆိုတယ်ဆိုတဲ့အကြောင်း DPN နဲ့ ဆက်လက် တွေ့ဆုံ ညှိနှိုင်းဆောင်ရွက်မယ်ဆိုရင်လည်း ကြိုဆိုတဲ့အကြောင်းပဲ ပြောပါတယ်။ တခြားထူးထူးထွေထွေတော့ မရှိဘူးပေါ့။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဆွေးနွေးရေးကိစ္စနှင့်ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်များအနေဖြင့် ဇွန်လ ၃ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မေးမြန်းထားသည့် အချက်အလက်များအား ပြန်လည်ဖြေကြားပေးရန် လိုအပ်သေးကြောင်း ခူးဦးရယ် မှ ဆက်ပြောသည်။
ကျနော်တို့ကတော့ အရင် ပထမဆုံးအချိန်တွေ့တုန်းက ကျနော်တို့ သိချင်တာလေးတွေ မေးမြန်းထားတာလေးတွေရှိတယ်လေ အဲ့ဒီဟာလေးရှင်းရှင်းလင်းလင်း သူတို့ဖက်က ပြန်ကြားဖို့ လိုသေးတယ်လို့ ကျနော်တို့ဖက်က နားလည်တာပေါ့နော် ဆိုတော့ သူတို့ ဘာများပြန်ကြားမလဲဆိုတာကို နားထောင်ဖို့တော့ ကျနော်တို့ ပထမ လိုအပ်တယ်လို့ ထင်ပါတယ်။ ရှင်းရှင်းလင်းလင်းမရှိသေးတော့ ကျနော်တို့ကတော့ တချက်တည်း ဒီလို ဖိတ်ခေါ်တာကို သွားတွေ့ဖို့တော့ လောလောဆယ်မှာ မရှိပါဘူး
အစိုးရခေါင်းဆောင်များနှင့် မတွေ့ဆုံမှီ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များအကြာင်း ရှင်းရှင်းလင်းလင်း ဖြစ်စေရန်အတွက် ယခုဇွန်လလယ်ပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော ထပ်မံတွေ့ဆုံရှင်းလင်းပေးဖို့လိုအပ်ကြောင်း ဒေါက်တာ တင်မျိုးဝင်း ထံ UNFC မှ ဇွန်လ ၁၃ ရက်နေ့က အကြောင်းပြန်ကြားထားသည်ဟု ခူးဦးရယ်မှ ဆက်ပြောသည်။
သူတို့ဖက်က ရှင်းရှင်းလင်းလင်း ကျနော်တို့ သိချင်တာလေးတွေ ကျနော်တို့ကို ရှင်းလင်းတဲ့ လမ်းကြောင်းကို သူတို့ခင်းထားပေးဖို့လိုတာပေါ့ ဘယ်လိုသွားမယ် ဘယ်လိုညှိနှိုင်းဆောင် ရွက်မယ် ဆိုတဲ့ဟာမျိုးတွေကို ရှင်းရှင်းလင်းလင်း ကျနော်တို့ဖက်က လိုချင်တာလေ။ ကျနော် တို့နဲ့ အလွတ်သဘောထပ်တွေ့ဖို့ကျနော်တို့ ပြောထားပါတယ်။ ကျနော်တို့ကလည်း ဒီလထဲမှာဖြစ်နိုင်ရင် အကောင်းဆုံးလို့တော့ ပြောထားပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အကြိပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့သည် ဇွန်လ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံခဲ့ပြီးဖြစ်သည်။
၎င်းတွေ့ဆုံမှုတွင် တိုင်းရင်းသားခေါင်းဆောင်များမှ ၂၁ ရာစုပင်လုံညီလာခံ ကိစ္စ၊ UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ကိစ္စ၊ နိုင်ငံရေးမူဘောင် ပြင်ဆင်သုံး သပ်ရေး ကိစ္စ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချူပ် NCA ကိစ္စ များကို မေးမြန်းခဲ့ကြသည်ဟု သိရသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် တပ်ပေါင်းစု တစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်မရေးထိုးကြရ သေးသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။