အပစ်ရပ် တိုင်းရင်းသား ခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံမည်
သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇွန်လ ၂၅ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့ က ထိပ်သီးခေါင်းဆောင်များသည် ဇွန်လ ၂၈ ရက်နေ့တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ပြောသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ Holiday Inn Hotel တွင် ၂ ရက်ကြာ ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ EAO PPST အစည်းအဝေးတွင် တွေ့ဆုံဆွေးနွေးရေးကိစ္စများကို အဓိက ပြင်ဆင်ရေးဆွဲသည်ဟု EAO PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ မှ ပြောဆိုသည်။
အရေးပေါ်ဖြစ်နေတာက နေပြည်တော်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ရေးကလည်း အရေးပေါ် ဖြစ်နေတယ် တွေ့ဖို့အစီအစဉ်လုပ်ထားတာက ကြာပြီ၊ ကြာတော့ အခုဆို အစီအစဉ်က ၂၈ ရက်နေ့ နံနက် ၁၀ နာရီတွေ့ဖို့ အခုအချိန်ရတော့ ကျနော်တို့ဖက်က သွားမည့် ကိုယ်စားလှယ်တွေ သွားမည့်လမ်းကြောင်းတွေ ပြင်ဆင်ပြီးတော့ သွားဆွေးနွေးရမည့် အကြောင်း အရာတွေပေါ့ဗျား အဓိကအချက်တွေ ပြင်နေတာပေါ့။
၎င်းအစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နိုင်ငံရေးဦးဆောင်မှု ပေးနိုင်ရန်အတွက် လုပ်ငန်းတာဝန်နှင့်လုပ်ပိုင်ခွင့်များအာ ပြန်လည်သုံးသပ် အတည်ပြုခြင်းများနှင့် ရှေ့လုပ်ငန်းစဉ် အတွက် မဟာဗျူဟာ နှင့် နည်းဗျူဟာများကို အဓိက ဆွေးနွေးကြသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ မှ ဆက်ပြောသည်။
အဓိကကတော့ ဒီ လာမည့် ၂၁ ရာစု ပင်လုံ အောင်မြင် ချောမွေ့ရေး အဖွဲ့အားလုံးပေါ့ဗျား မထိုးသေးတဲ့အဖွဲ့တွေပါ အားလုံး စုပေါင်းပါဝင်နိုင်ရေး နောက်ပြီးတော့ ဆွေးနွေးတဲ့ နေရာမှာလည်း ကျနော်တို့ လိုလားတဲ့ ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲမျိုးတွေ ဆက်လက်ဖြစ်ပေါ်ရေး နဲ့ NCA ရဲ့ မူလ မူအတိုင်း လမ်းမချော်ပဲနဲ့ ဆက်ပြီးတော့ ဆွေးနွေးသွားနိုင်ရေး။
တိုင်းရင်းသား ခေါင်းဆောင်များသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးပါက နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဆက်လက်တွေ့ဆုံနိုင်ရန် ကြိုးစားသွားမည်ဟု သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ EAO PPST အဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ကျင်းပခဲ့သည့် NCA လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ဒုတိယအကြိမ် ထိပ်သီးအ စည်းအဝေးတွင် ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။
ထိုအဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့မှ ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး မှ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်စစ် မှ ဒု အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး အဖွဲ့ ၈ ဖွဲ့မှ ထိပ်သီးခေါင်းဆောင် ကိုယ်စားလှယ်များဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် နိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်ရန် ဖြစ်သည်ဟု သိရသည်။