တိုင်းရင်းသားအားလုံးပါဝင်သည့် ထိပ်သီးအစည်းအဝေး ကချင်ပြည်နယ်တွင်ကျင်းပမည်
သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇွန်လ ၂၆ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
၂၁ ပင်လုံညီလာခံ မတိုင်မှီ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအားလုံး ပါဝင်ပြီး ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင်ကျင်းပမည့် ထိပ်သီးခေါင်းဆောင်များ အစည်းအ ဝေးကို အပစ်မရပ်ရသေးသည့် ညီနောင်တိုင်းရင်းသားအဖွဲ့များနှင့်အတူ ပူးပေါင်းတက်ရောက်ဆွေး နွေးသွားရန် ဆုံးဖြတ်ခဲ့ကြောင်း NCA အပစ်ရပ်ခေါင်းဆောင်များမှ ပြောသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Holiday Inn Hotel တွင် ဇွန်လ ၂၅ ရက်နေ့က ကျင်းပပြီးဆုံးသွားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ EAO PPST ဒုတိယအကြိမ် ညီလာခံမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ မှ ပြောသည်။
အပစ်ရပ်တာဖြစ်စေ မရပ်သည်ဖြစ်စေ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ထိပ်သီးညီလာခံ ယခင်ကတော့ လိုင်ဇာ ညီလာခံပေါ့ ဒီလိုပုံစံမျိုး ညီလာခံ တစ်ရပ်ကိုလည်း ဒါကိုလည်းပဲ PPST က သဘောတူပြီးတော့ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆုံးဖြတ်တယ် အဲ့ဒီပွဲကိုကြိုဆိုတယ် ကျနော်တို့ တက်ဖို့ သဘောတူ ဆုံးဖြတ်တယ်။ ၂၁ ရာစု ပင်လုံ လို့ခေါ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ဘယ်လို ပါဝင်တက်ရောက်နိုင်မလဲ ဆိုတာ ကျနော်တို့ ညှိမယ် တက်ရောက်ပြီးတဲ့နောက်မှာ ဘယ်ခေါင်းစဉ်တွေ ဘယ်အကြောင်းအရာတွေ ကို အဓိက ဆွေးနွေးမလဲဆိုတာ ညှိမယ်။
တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များပါဝင်တက်ရောက်မည့် ထိုအစည်းအဝေးကို ဇူလိုင်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့အထိ ကျင်းပသွားရန် ယာယီသတ်မှတ် ထားသော်လည်း တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင်များနှင့် ပြန်လည်ညှိနှိုင်းသွားရန် ရှိနေသေးကြောင်း ဆက်ပြောသည်။
ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံဆွေးနွေးရန် ဇွန်လ ၂၈ ရက်နေ့တွင် ကိုယ်စာလှယ် ၂၂ ဦး ရွေးချယ်ခဲ့ပြီး ဆွေးနွေးရန်အချက်များကိုလည်း ယခုအစည်းအဝေးမှ ပြင်ဆင်ဆုံးဖြတ်ခဲ့ကြသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ မှ ဆက်ပြောသည်။
ကျနော်တို့ မေတ္တာရပ်ခံပြီးတော့ တွေ့ဆုံခွင့်တောင်းထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့တွေ့ရေးက အတည်ပြုချက် ရပါတယ်၊ ကျနော်တို့ဖက်ကလည်းရတယ် အစိုးရ ဖက်ကလည်း ကိုယ်စားလှယ်တွေ လာရောက်ဖို့ ဖိတ်ကြားစာ ရရှိပါတယ် ရရှိတဲ့အတွက် ထိပ်သီးခေါင်းဆောင် ၈ ဦး ဦးဆောင်ပြီးတော့ စုစုပေါင်း ၂၂ ဦး နေပြည်တော်သွားဖို့ ခရီးစဉ် သတ်မှတ်တာ ရှိပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးထားကြ သည့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ရှေ့ဆက် နိုင်ငံရေးလုပ်ငန်းစဉ် များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဆုံးဖြတ်ချက် ၁၀ ချက် ကိုလည်း သဘောတူ ဆုံးဖြတ်ခဲ့ကြသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ မှ ဆက်ပြောသည်။
ဆုံးဖြတ်ချက်ကတော့ ၁၀ ချက်ပါပဲ PPST ကနေပြီးတော့ ဦးဆောင်ပေးနေရတဲ့ UPDJC တို့ JMC တို့ CT တို့ ဒီ ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့တွေ အားလုံးရဲ့ အခြေအနေတွေကိုကြည့်ပြီး တော့ သူတို့ ဘယ်လို ဆက်လုပ်နိုင်မလဲဆိုတဲ့ မူဝါဒ ချပေးဖို့တာဝန်ပေါ့ဗျား၊ အရေးကြီးတာ ကတော့ အပစ်မရပ်သေးတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး မူဝါဒတွေ ၂၁ ပင်လုံအပေါ် သဘောထား၊ နောက်ပြီးတော့ ကျနော်တို့ ဒီ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ တွေမှာရရထားတဲ့ မူလ သဘောတူ စာချူပ်တွေကို အကောင်အထည်ဖော်ဖို့။
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ EAO PPST အဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ကျင်းပခဲ့သည့် NCA လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ဒုတိယအကြိမ် ထိပ်သီးအ စည်းအဝေးတွင် ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။
ထိုအဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့မှ ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး မှ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်စစ် မှ ဒု အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး အဖွဲ့ ၈ ဖွဲ့မှ ထိပ်သီးခေါင်း ဆောင် ကိုယ်စားလှယ်များဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် နိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်ရန် ဖွဲ့စည်းထားသည့် အဖွဲ့ကြောင်းသိရသည်။