NCA အပစ်ရပ် ၈ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကျင်းပ

သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၁၈ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ်ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ အစည်းအဝေး NCA-S EAO Leaders’ Meeting ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Chiang Mai Orchid Hotel ၌ ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့တွင် စတင်ကျင်းပနေသည်။

အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် သဘာပတိအဖြစ်ဆောင်ရွက်သည့် ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုး မှ မိမိတို့ရဲ့ နိုင်ငံရေး လိုလားချက် နိုင်ငံရေးဆွေးနွေးမှု တောင်းဆိုချက်များဟာ ပကတိ တိုင်းပြည်ရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ ကိုက်ညီပြီး သက်ဆိုင်ရာ အစုအဖွဲ့များ အားလုံးက လက်ခံနိုင်တဲ့ လက်တွေ့ကျပြီး အကောင်အထည်ဖော်နိုင်တဲ့ နိုင်ငံရေးအဖြေကိုရရှိဖို့ လိုအပ်ပါတယ်၊ ဆိုလိုတာက မိမိလိုအပ်ချက် အကုန်လုံးရမှ လက်ခံနိုင်တဲ့ နိုင်ငံရေး အဖြေမဟုတ်ပဲ သမာသမတ် ကျတဲ့ နိုင်ငံရေးအဖြေကို ရရှိဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ် ဟု ပြောဆိုသည်။

၎င်းအပြင် နိုင်ငံတော်အစိုးရသစ်မှ ဦးစားပေးဆောင်ရွက်မည့် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကိုရှေးရှု့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခုပေါ်ပေါက်ရေးနှင့် ပြည်သူလူထုအများစု၏ လူနေမှုအဆင့်အတန်းတိုးတက် မြင့်မားရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရေးများသည် မိမိတို့ တိုင်းရင်းသားလက်နက် ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပြည်သူလူထုတစ်ရပ်လုံး လိုလားမှုဖြစ်ပြီး ထိုရည်မှန်းချက် များ အကောင်အထည်ဖော်နိုင်ရေးသည် ဦးစာွ ငြိမ်းချမ်းရေးကို တည်ဆောက်ရမှာဖြစ်သည့် အတွက် လက်နက်ကိုင် ပဋ္ဋိပက္ခ အားလုံးရပ်စဲသွားဖို့လိုအပ်ကြောင်း လည်း ထည့်သွင်းပြောဆို သွားခဲ့သည်။

အစည်းအဝေးတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဖက်ဆိုင် ရာ ကျင့်ဝတ်များကိစ္စ၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်းကိစ္စ၊ပြည်ထောင် စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံညီလာခံ အတွက် ဆွေးနွေးပြင်ဆင်ရန်ကိစ္စများကို ဆွေးနွေးသွားမည်ဟု သိရသည်။

ထို့အပြင် ကချင်ပြည်နယ် မိုင်ဂျာယန် တွင်ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေး အဖွဲ့များ ၏ မျက်နှာစုံညီအစည်းအဝေးအတွက် ဆွေးနွေးပြင်ဆင်ခြင်းကိစ္စများနှင့် ကိုယ်စား လှယ် ရွေးချယ်ရေးကိစ္စများအပါအဝင် အဖွဲ့ ၈ ဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များကို ရေးဆွဲချမှတ်သွားရန်ရှိ သည်ဟု သိရသည်။

ယနေ့ ပထမနေ့ အစည်းအဝေးကို ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ရဲဘော် သံခဲနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ နော်ကပေါ်ထူး တို့က သဘာပတိတွေအဖြစ် တာဝန်ယူဆောင်ရွက်သည်။

ဇူလိုင်လ ၂၀ ရက်နေ့အထိ ကျင်းပမည့် ထိပ်သီးအစည်းအဝေးကို ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့အမျိုး သား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နှင့် ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA မှ ကိုယ်စားလှယ်အဖွဲ့ဝင် ၄၀ နီးပါး တက်ရောက် ဆွေးနွေးနေသည်။