တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ မျက်နှာစုံညီအစည်းအဝေး စတင်ဖွင့်လှစ်ကိုယ်စားလှယ်အဖွဲ့ ၂၄ ဖွဲ့တက်ရောက်
သတင်းနှင့် မီဒီယာကွန်ယက်
မိုင်ဂျာယန်၊ ဇူလိုင်လ ၂၆ ရက်၊ ၂၀၁၆ ခုနှစ်။
ဒီကနေ့ ကချင်ပြည်နယ် မိုင်ဂျာယန်မှာ စတင်ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ မျက်နှာစုံညီ အစည်းအဝေး ကို တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲမှု ရပ်ဆိုင်းရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသော လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် လက်မှတ်ရေးထိုးခြင်းမရှိသေးသော အဖွဲ့အစည်းများ စုစုပေါင်း ၁၇ ဖွဲ့ အပါအဝင် ကိုယ်စားလှယ် အဖွဲ့ ၂၄ ဖွဲ့ တက်ရောက်ခဲ့သည်။
ဖွင့်ပွဲတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။
“ဒီနေ့ဒီအချိန်ရဲ့ နိုင်ငံရေး အခင်းအကျင်းမှာ ကျွန်တော်တို့ တိုင်းရင်းသားတွေ အကြား စုစည်းညီညွတ်မှု ရှိဖို့အင်မတန်အရေးကြီးတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီမတူကွဲပြားတဲ့ အခြေခံများ အပေါ်မူတည်ပြီးစုစည်းနိုင်မယ့် လမ်းကြောင်းကို ရှာဖွေဖော်ထုတ်ဖို့ လိုပါတယ်။ ဒါကြောင့် ဒီတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများရဲ့ မျက်နှာစုံညီ အစည်းအဝေးဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ပိုမိုခိုင်မာတဲ့ ညီညွတ်ရေးကိုတည်ဆောက်နိုင်ရန် ကြိုးစားခြင်းဘဲ ဖြစ်ပါတယ်။”
အစည်းအဝေး ဖွင့်ပွဲကို အထူး ဧည့်သည်တော်များ အဖြစ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် Mr. Vijay Nambiar နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးရာ ဌာန၏ အာရှ ရေးရာ အထူးသံတမာန် Mr. Sun Guoxing တို့လည်း တက်ရောက်ခဲ့ကြသည်။
မစ္စတာ Nambiar က ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေ ထွက်ပေါ်လာဖို့ ကမ္ဘာက စောင့်မျှော်နေ ကြောင်းနှင့် တရုတ်သံတမာန် Mr. Sun Guoxing က တရုတ်နိုင်ငံအနေနှင့် ငြိမ်းချမ်းရေးအတွက် တွန်းအားပေးသွားမှာ ဖြစ်ပြီး အကူအညီပေးဖို့လည်း အသင့်ရှိတယ်လို့ ပြောသွားသည်။
အစည်းအဝေးကို တက်ရောက်ခဲ့သည့် အဖွဲ့များမှာ-
၁။ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA/AA)
၂။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)
၃။ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)
၄။ ရခိုင် အမျိုးသား ကောင်စီ (ANC)
၅။ ချင်းအမျိုးသား တပ်ဦး (CNF)
၆။ ကရင်အမျိုးသား ဒီမိုကရေစီ အကျိုးပြု တပ်မတော် (DKBA)
၇။ ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (KIO)
၈။ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)
၉။ ကရင်အမျိုးသား အစည်းအရုံး (KNU)
၁၀။ ကရင်အမျိုးသား အစည်းအရုံး (ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC))
၁၁။ လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU)
၁၂။ မွန်ပြည်သစ်ပါတီ (NMSP)
၁၃။ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)
၁၄။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)
၁၅။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)
၁၆။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)
၁၇။ ၀ အမျိုးသား အဖွဲ့ချုပ် (WNO)
၁၈။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)
၁၉ ။ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA)
၂၀။ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)
၂၁။ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB
၂၂။ ငြိမ်းဖောင်ဒေးရှင်း
၂၃။ ပြည်ထောင်စု အင်စတီကျု့ (PI)
၂၄။ တိုင်းရင်းသား လူမျိုးများရေးရာ စင်တာ (ENAC)
၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ မြန်မာနိုင်ငံ တိုင်းရင်းသားများ ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ် (MNDAA)၊ ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLP/TNLA) နှင့် နာဂပြည် အမျိုးသား ဆိုရှယ် လစ် ကောင်စီ (NSCS) အဖွဲ့များမှာ အစည်းအဝေးသို့ ရောက်ရှိလာခြင်းမရှိပါ။