သုံးမြို့နယ်ပေါင်းပြီး ၂၁ရာစုပင်လုံညီလာထောက်ခံပွဲကျင်းပမည်
သတင်းနှင့်မီဒီယာ ကွန်ယက်။
ရန်ကုန်၊ သြဂုတ်လ ၂
ရက်နေ့၊ ၂၀၁၆ ခုနှစ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှော်ဘီ၊တိုက်ကြီး၊လှည်းကူးမြို့နယ် သုံးမြို့နယ်ရှိ အရပ်ဖက် လူမှုအဖွဲ့အစည်းများ စုပေါင်း၍ ၂၁ရာစုပင်လုံညီလာခံထောက်ခံကြိုဆိုပွဲကို သြဂုတ်လ ၈ ရက် နေ့တွင် ရှစ်လေးလုံးအခမ်းအနားနှင့် တပေါင်းတစည်းတည်းကျင်းပမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
မှော်ဘီမြို့နယ် ရန်ကုန်ပြည်လမ်းမကြီးပေါ်ရှိ ဘုရားသုံးဆူဓမ္မရုံတွင် ရွှေညဝါဆရာတော်နှင့် စာရေး ဆရာမကြီး ရွှေကူမေနှင်းတို့က ၂၁ ရာစုပင်လုံနှင့်သက်ဆိုင်သည်များကို ဟောပြောမည်ဖြစ် သည်ဟု ပွဲစီစဉ်သူ ဦးအေးလွင်က ပြောသည်။
သြဂုတ်လ ၈ ရက်နေတွင် မနက်နာရီတွင် ၂၁ရာစုပင်လုံညီလာခံကို ထောက်ခံကြောင်း မြို့တွင်း၌ လှည့်လည်ပြီး နံနက် ၉ နာရီတွင် ၂၁ ရာစုပင်လုံညီလာခံ နှင့်သက်ဆိုင်သည်များကို ဟောပြောကြ မည်ဖြစ်သည်ဟု ၎င်းကဆက်လက်ရှင်းပြသည်။
ပင်လုံစိတ်ဓါတ် ခေါ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသည် ၈လေးလုံး လူထုအုံကြွ မှုကြီးနောက်ပိုင်း တပေါင်းတစည်းတည်းဖြစ်လာကြောင်း တိုင်းရင်းသားဒေသများတွင် ဒီမိုကရေစီဆိတ်သုဉ်းပြီး လူအခွင့်အရေးများဆုံးရှုံးနေရာမှ ဗမာအများစုနေထိုင်သည့် ရန်ကုန်မန္တလေးမြို့ကြီးများတွင် လူအခွင့်အရေများဆုံးရှုံးနေရသည်ကို တကမ္ဘာလုံးသိလာကြောင်း ရှစ်ဆယ်ရှစ်မျိုးကျောင်းသားကိုသိန်းဇော်ကမှတ်ချက်ပြုပြောဆိုသည်။
“အရင်တုန်းက တိုင်းရင်းသားတွေဖိနှိပ်ခံရတယ်တာမသိကြဘူး ၈၈ ကျတော့မှ တိုင်းရင်းသားတွေသာမက ဗမာတွေလည်း ဖိနှိပ်ခံနေရတယ် မလွတ်လပ်ကြဖူးဆိုတာ သိလာတယ် တောင်းတန်းနဲ့ မြေပြန့် အဖိနှိပ်ခံအချင်းချင်း ၈၈က ပေါင်းစည်းပေးလိုက်တာလို့ ပြောရင်လည်းရတယ်” ဟု ၎င်းကဆိုသည်။