၂၁ ရာစု ပင်လုံ ညီလာခံ တက်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့သုံးဖွဲ့ အဆင်သင့်ရှိဟု ပြော
သတင်းနှင့် မီဒီယာ ကွန်ယက်။
သြဂုတ်လ ၁၈ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ၂၁ ရာစုပင်လုံ ညီလာခံကို မြန်မာနိုင်ငံအမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ ( MNTJP/MNDAA )၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ( PSLF/TNLA) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ( ULA/AA ) အဖွဲ့တို့ တက်ရောက်ရန် အဆင်သင့် ရှိကြောင်း ပူးတွဲ သဘောထားထုတ်ပြန်ချက် တစ်စောင်ကို ယနေ့ သြဂုတ်လ ၁၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက် ထုတ်ပြန်ရသည့် အ ကြောင်းအရင်းနဲ့ ပတ်သက်ပြီး ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး ( PSLF/TNLA ) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်မှ ယခုလိုပြော သည်။
“ပြီးခဲ့တဲ့ ၁၅ ရက် သြဂုတ်လ ၁၅ ရက်တုန်းက UPDJC နော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တဲ့ ကျနော်တို့ ဒီ ကော်မတီက အစည်းအဝေးလုပ်တယ် အဲဒီမှာ အားလုံးပါဝင်ရေးမူကို လက်ခံ တယ် ၃၁ ရက်နေ့ကျရင်လည်း ဒီ ၂၁ ရာစု ပင်လုံ ညီလာခံကို စလုပ်သွားမယ်ဆိုပြီး ဆုံးဖြတ် ချက်တွေချ တယ်။ အဲဒီလို ကျနော်တို့ သိရတဲ့အတွက် ဒါကတော့ အားလုံးပါဝင်ရေးမူကို လက်ခံ တယ်ဆိုတဲ့ အတွက်ကြောင့် ကျနော်တို့ မဟာမိတ်သုံးဖွဲ့လည်း တစ်ခြားတိုင်းရင်းသား လက်နက် ကိုင်တော်လှန် ရေးအဖွဲ့အစည်းတွေနည်းတူ ကျနော်တို့ ညီလာခံကို တက်ရောက်နိုင်တဲ့ အခွင့်အ လမ်းရှိတယ်လို့ ကျနော်တို့ ဒီလိုပဲ သဘောပေါက်သွားတယ်။ နားလည်ပါတယ် ဒါကြောင့်မို့ ကျ နော်တို့ အနေနဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ကျနော်တို့ တက်ရောက်ဖို့ အဆင့်သင့်ရှိတယ်ဆိုတာ ကျနော်တို့ သဘောထား ထုတ်ပြန်တာဖြစ်ပါတယ်။” ဟု ဗိုလ်မှူးကြီး တာဘုန်းကျော်မှ ပြောသည်။
ထုတ်ပြန်ချက်ထဲတွင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရလက်ထက်မှ ယခုလက်ရှိ မြန်မာအစိုးရ လက်ထက်အထိ အစိုးရနှင့် မြန်မာ့တပ်မတော်ခေါင်းဆောင်ကြား ပူးပေါင် ဆောင်ရွက်ကာ ပြည်တွင်းစစ်မီးပြေငြိမ်းနိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းများနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာလာသည်မှာ တိုင်းရင်းသားလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးနည်းဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
မိမိတို့ မဟာမိတ် သုံးဖွဲ့အနေဖြင့် သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ပင်လုံညီလာခံသို့ တက်ရောက်ရန်အတွက် အသင့်အနေအထားတွင် ရှိနေသော်လည်း အစိုးရဖက်မှ မိမိတို့အား ယခုအချိန်ထိ တစုံတရာပြောဆို အကြောင်းကြားခြင်းများ မရှိသေးကြောင်း မဟာမိတ်သုံးဖွဲ့၏ သဘောထားရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး တာဘုန်းကျော်မှ ယခုလိုပြောသည်။
“ကျနော်တို့ မဟာမိတ်သုံးဖွဲ့အနေနဲ့ ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ချင်တဲ့ဆန္ဒ ကျနော် တို့ အပြည့်အဝရှိတယ်။ နိုင်ငံရေး ပြဿာနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဆန္ဒ အပြည့်အ၀ ရှိ တယ်။ ဒါက ငြိမ်းချမ်းရေးအပေါ်မှာ ကျနော်တို့ထားတဲ့ သဘောထားရပ်တည် ချက်ပါ။ အဲဒါကို အဖွဲ့ အစည်းတစ်ခုခုက ပိတ်ပင်တားဆီးတယ် ကန့်သတ်လို့ ကျနော်တို့ လိုက်ပါ ဆောင်ရွက်ခွင့် မရ ဘူးဆိုလို့ရှိရင် အဲဒါကတော့ ပိတ်ပင်တားဆီးတဲ့ အဖွဲ့အစည်းရဲ့ လူပုဂ္ဂိုလ်ရဲ့ အပိုင်းပဲ ဖြစ် တယ်လို့ ကျနော်တို့ မြင်ပါတယ် ကျနော်တို့ မဟာမိတ်သုံးဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်ပြီး ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် Process ထဲမှာ ကျနော်တို့ လိုက်ပါဖို့ အဆင် သင့်ဖြစ်တယ် ကျနော်တို့ အမြင်နဲ့က ကိုယ့်အမျိုးသားရေး လှုပ်ရှားမှုအတွက်တော့ ကျနော်တို့ ဒီလိုပဲ ရပ်တည်လှုပ်ရှားသွားမယ် ဒါကတော့ ကျနော်အမြင်ဖြစ်ပါတယ်။” ဟု ဗိုလ်မှူးကြီး တာဖုန်းကျော်မှ ပြော သည်။
ဒါအပြင် လက်ရှိမြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးအတူတကွ လုပ်ဆောင်နေသော ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တွင် မိမိတို့အနေဖြင့် ပူးပေါင်း ပါဝင်ရန်အဆင်သင့်ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်နှင့် ဖြစ်ပွားနေ သည့် တိုက်ပွဲများကို အပြန်အလှန်ရပ်စဲပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ ဒေသတည်ငြိမ် အေးချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို နိုင်ငံရေးတွေ့ဆုံဆွေးနွေး သည့်နည်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ရန် ဆန္ဒအပြည့်အဝရှိကြောင်း ထုတ်ပြန်ချက် တွင် ထည့်သွင်းဖော်ပြထားသည်။
ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့တွင် မိုင်းလာဒေသမှာ အစိုးရအဖွဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ မှ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ခေါင်းဆောင်သည့် အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး မဟာမိတ်သုံးဖွဲ့တို့ တွေ့ဆုံရာတွင် လက်နက်စွန့် ရေးအတွက် ကြေညာချက် ထုတ်ပြန်မှသာ ညီလာခံတက်ရောက်ခွင့်ရမည်ဟု မဟာမိတ်သုံးဖွဲ့အား ပြောဆိုထားသည်။