၂၁ ရာစု ပင်လုံညီလာခံ UNFC အဖွဲ့ တက်ရောက်မည်

သတင်းနှင့် မီဒီယာ ကွန်ယက်။
သြဂုတ်လ ၂၅ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချူပ် လက်မှတ်မရေးထိုးကြရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ နှင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့အနေဖြင့် သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံညီလာခံ ပထမအကြိမ် အစည်းအဝေးတက် ရောက်ရန် ယနေ့ ပြီးဆုံးသွားသည့် ဗဟိုအလုပ်အမှုဆောင် အရေးပေါ် တိုးချဲ့ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်းရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်သို့ တက်လှမ်းနိုင်ရန်ရည်ရွယ်ပြီး UNFC အဖွဲ့ဝင် အဖွဲ့စည်းများအနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံအား အားလုံးနှင့်အတူတကွ တက်ရောက်သွားမည်ဖြစ်သည်ဟု UNFC တွဲဘက် အထွေထွေအတွင်းရေးမှူး ၁ ဦးထွန်းဇော် မှ သတင်းထောက်များအား ပြောဆိုသည်။

ကျနော်တို့ ဒီ ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့အတွက် သဘောထား အများရဲ့ ဆန္ဒ သဘောထားအရ ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါတယ်။ နောက်ပြီးရင် တက်ရောက်တဲ့ အခါမှာ ကျနော်တို့ အားလုံး အဆင့်ဆင့်သော လုပ်ငန်းစဉ်တွေမှာ ကျနော်တို့အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွား မယ် ဆိုတဲ့ သဘောထားတွေ ချမှတ်ပါတယ်၊

 ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ လက်ရှိနောက်ဆုံးအခြေအနေများကို သုံးသပ်ခဲ့ကြပြီး ၂၁ ရာစု ပင်လုံညီလာခံမှာ တင်ပြမည့် သဘောထားများ ဆွေးနွေးခဲ့ရာမှာ ကဏ္ဍ ၆ ရပ်ဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သယံဇာတ၊ လုံခြုံရေး ၊ အထွေထွေကဏ္ဍ များပါဝင်သည့် UNFC သဘောထားများကို တင်ပြသွားရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆက်ပြောသည်။

 မနေ့က ကျနော်တို့ ဒီ NCA လက်မှတ်ရေးထိုးထားတဲ့ ညီနောင် ၈ ဖွဲ့နဲ့ ကျနော်တို့ အစိုးရဖက်က ကိုယ်စားလှယ်တွေနဲ့ JICM အစည်းဝေးလုပ်ကြတယ် အဲ့ဒီ အစည်းအဝေးမှာ လာမည့် ၂၁ ရာစု ပင်လုံ မှာလုပ်မည့် ဒီ သဘာပတိ အဖွဲ့နဲ့ ပတ်သက်ပြီးတော့မှ ဆုံးဖြတ်ချက် သဘောထားတွေ ချတာရှိပါတယ် အမှန်တော့ အဲ့လိုမျိုး ဆုံးဖြတ်ချက် သဘောထားဟာ ကျနော်တို့ကျင်းပရေး ပူးတွဲ ကော်မတီကနေ တဆင့် အားလုံးပါဝင်တဲ့ အခင်းအကျင်းမှာ ချမှတ်ရမည့်ကိစ္စတွေဖြစ်ပါတယ် ဒါပေမယ့် JICM မှာပဲ ချမှတ်သွားတဲ့အခါကြတော့ နည်းနည်း တပ်ဦးကျွံသလိုဖြစ်ပါတယ် ကျနော်တို့ လိုက်ပါရတဲ့ လူတွေအတွက် ဆောင်ရွက်ရတဲ့ လူတွေအတွက် ဒီအခင်းအကျင်းမှာ နည်းနည်းစိတ်က စနိုးစနှောက် ဖြစ်စရာတွေ ဖြစ်နေပါတယ်။ အဲ့ဒါကြောင့် လာမည့် သဘက်ခါ ပေါ့ ၂၇ နဲ့ ၂၈ ၂၉ ဒီ သုံးရက်တာမှာ ကျနော်တို့ ကျင်းပရေးကော်မတီရဲ့ အလုပ်အဖွဲ့တွေ ထိုင်သွားဖို့ ရှိပါတယ် အဲ့ဒီမှာလည်း ကျနော်တို့ရဲ့ သဘောထားတွေ ဆက်လက်တင်ပြပြီးတော့မှ ကျနော်တို့ ညှိနှိုင်းမှုတွေလုပ်မယ် ပြီးရင် ကျနော်တို့ သဘောထား ရပ်တည်ချက်အတိုင်း ဆက်လက်ပြီးမှ ညီလာခံမှာ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေလည်း ချနိုင်ခဲ့ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့တွင် ပြီးဆုံးသွားခဲ့သည့် ၎င်းအစည်းအဝေးတွင် ၂၁ ရာစု ပင်လုံ ညီလာခံ ပထမအကြိမ် အစည်းအဝေးအတွက် ကျင်းပရေး ပူးတွဲကော်မတီ ၇ ဦးရွေးချယ်ခဲ့သည်။ SSPP အဖွဲ့မှ ဗိုလ်ချူပ် စိုင်းထူး၊ KIO အဖွဲ့မှ ဗိုလ်ချူပ် ဂွန်မော်၊ NMSP အဖွဲ့မှ နိုင်အောင်မငေး၊ ANC အဖွဲ့မှ ဗိုလ်မှူးကြီး မင်းထွန်း၊ KNPP အဖွဲ့မှ ခူးထဲဘူး၊ KIO အဖွဲ့မှ ဗိုလ်မှူးကြီး လအောင် နဲ့ SSPP အဖွဲ့မှ စိုင်းဘထွန်း တို့ကို ရွေးချယ်ခဲ့ကြသည်။

အစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အစိုးအကြား လက်မှတ်ရေးထိုးကြမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချူပ် (NCA) နောက်ဆက်တွဲ သဘောတူညီချက် ၈ ချက်ကိစ္စနှင့် ပတ်သက်ပြီး နောက်ဆုံးအခြေအနေများအား DPN အဖွဲ့မှ တင်ပြဆွေးနွေးခဲ့ပြီး အစိုးရနှင့် ဆက်လက်ညှိနှိုင်းသွားရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

သြဂုတ်လ ၂၄ ရက်နေ့မှ စတင်ကျင်းပခဲ့သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် တိုးချဲ့ အစည်းအဝေး ကို တိုင်းရင်သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ဝင် ၇ ဖွဲ့မှ ခေါင်းဆောင်ကိုယ်စားလှယ် ၃၀ ခန့် တက်ရောက်ခဲ့ကြသည်။