ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် ရှမ်းနှင့်ပလောင်လူငယ်များ ပူးတွဲကော်မတီဖွဲ့စည်း
သတင်းနှင့်မီဒီယာကွန်ယက်။
သြဂုတ်လ ၂၆ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
ရှမ်းလူငယ်နှင့်တအာင်းလူငယ်များ စုပေါင်းပြီး “ပဋိပက္ခလျှော့ကျရေးနှင့် ငြိမ်းချမ်းရေးတည် ဆောက်မှု”ဆိုသည့် ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ရှမ်းပြည်နယ် မြောက်ပိုင်း လာရှိုးမြို့ ရှိ Golden Hill Hotel တွင် သြဂုတ်လ ၂၂ မှ ၂၄ ရက် အထိ ကျင်းပခဲ့သည်။
မိမိတို့ လူငယ်ကဏ္ဍအနေဖြင့် လက်နက်ကိုင်နှစ်ဖွဲ့အကြားမှ အစပြုကာ စတင်ဖြစ်ပေါ်လာသော လူမျိုးနှစ်မျိုးကြားမှ သံသယများ၊ အထင်အမြင် လွဲမှားမှုများကို အတူတကွ ပူးပေါင်းအဖြေရှာ ဖြေ ရှင်းဖို့ရန်အတွက် ပြုလုပ်ရခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ယက် (TYN)၏ အတိုင်ပင်ခံ စိုင်းဆိုင်မိန်းက သတင်းနှင့်မီဒီယာကွန်ယက်သို့ ပြောသည်။
“ဖြစ်မြောက်ရေးကော်မတီအနေနဲ့ကတော့ ခံစားချက်နဲလုပ်တာမဟုတ်ဘူးလေ ဒါပေမဲ့ ဒီလို ဖြစ်ဖို့ အတွက်တော့ အခက်အခဲအများကြီးတော့ရှိခဲ့တာပေါ့ ဆိုလိုချင်တာက ကျနော်တို့ ဒါတွေက မလုပ်လို့မရတဲ့ အနေအထားမှာ ဖြစ်နေပြီလေ ဘာကြောင့်လဲဆိုတော့ တကယ့် မြေပြင်မှာ ရှမ်း လူမျိုးနဲ့ တအာင်းလူမျိုးက ဘာပြဿာနာမှ သိပ်ကြီးကြီးမားမား မရှိပေမဲ့လည်း ဒီ လူမှုကွန်ယက် တွေမှာ ပိုပြီးတော့မှ ပြောလာကြတယ် အဲဒီကနေတဆင့်ပေါ့နော ဆိုးကျိုး တွေကတော့ ခုနက ပြောသလို ဒီ community တွေထဲမှာ အထိကိုတောင် effect ဖြစ်လာတယ် ထိခိုက်လာ တယ်ဆိုတော့ အဲဒါကို ကျနော်တို့က ဒါကို အမြန်ဆုံးဖြေရှင်းဖို့ လိုတယ်ဆိုပြီးတော့မှ ဒီပွဲကို ကျင်း ပရတာဖြစ်တာပေါ့နော။” ဟုစိုင်းဆိုင်မိန်းက ပြောသည်။
အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာရှမ်းလူငယ်ကွန်ယက် (TYN)၊ ရှမ်းလူငယ်အဖွဲ့ (TYO)၊ ရန်ကုန်ရှမ်းလူငယ်များအဖွဲ့ (SYY)၊ တအာင်းကျောင်းသားနှင့်လူငယ်အဖွဲ့ (TSYU)၊ တအာင်းအမျိုးသမီးများအဖွဲ့ (TWO) အဖွဲ့တို့မှ ဦးဆောင်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့ နယ်ပေါင်း ၁၁ မြို့နယ်မှ လူငယ်နဲ့စာပေ ယဉ်ကျေးမှုအဖွဲ့တွေ အပါအဝင် တတ်သိပညာရှင်များ လည်း တက်ရောက်ခဲ့သည်ဟုသိရသည်။
အလုပ်ရုံဆွေးနွေးပွဲရလဒ်နဲ့ပတ်သက်ပြီး “အဓိကက ကျနော်တို့ ရှမ်းနဲ့ တအာင်လူငယ်တွေက ကျနော်တို့ လူငယ် ကဏ္ဍအနေနဲ့ပေါ့နော အခုလက်ရှိ ဖြစ်ပွားနေတဲ့ လူ့အခွင့်အ ရေးချိုးဖောက်မှု တွေ ဒီလူမျိုးတစ်မျိုးနဲ့တမျိုး မုန်းတီးမှုတွေ ကို အတူတကွ လက်တွဲပြီးတော့မှ ဖြေရှင်းသွားနိုင် တယ်ဆိုတဲ့ ရလဒ်လေးတော့ရလိုက်တာပေါ့ နော်” ဟု စိုင်းဆိုင်မိန်းမှ ဆက်ပြောသည်။
ရှမ်းလူမျိုးများနှင့် တအာင်းပလောင်လူမျိုးများသည် ယခင်က ညီအစ်ကိုမောင်နှမရင်းခြာကဲ့သို့ အတူ တကွ ချစ်ချစ်ခင်ခင်ဖြင့် တစ်ဦးကိုတစ်ဦး ရိုင်ပင်းကူညီ၍ နေထိုင်လာခဲ့ကြသည်ဟု သိရှိရပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလ အတွင်း စတင်ဖြစ်ပွားသည့် RCSS/SSA နှင့် PSLF/TNLA တို့ကြား တိုက်ပွဲများကြောင့် လူမျိုး ၂ မျိုးအကြား တင်းမားမှုနှင့်ပဋိပက္ခ အနည်းငယ်ရှိလာသည်ဟု တအာင်း ကျောင်းသားနှင့် လူငယ်အဖွဲ့ (TSYU)မှ အထွေထွေ အတွင်းရေးမှုး (၂) မိုင်းမျိုးအောင်က ပြော သည်။
အလုပ်ရုံဆွေးနွေးပွဲမှ ရှေ့လုပ်ငန်းစဉ် ( ၆ )ချက်ကို ချမှတ်နိုင်ခဲ့ပြီး အတူတကွ ဆက်လက်အ ကောင်အထည်ဖော် လုပ်ဆောင်သွားရန် သဘောတူခဲ့ကြသည်ဟု မိုင်းမျိုးအောင်မှ ဆိုသည်။
“အဓိကက ကျနော်တို့က ရှေ့လုပ်ငန်းစဉ် ၆ ချက် အချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ကျနော် တို့ အခုလက်ရှိမှာတော့ ကျနော်တို့ ဗဟိုကော်မတီ မြို့နယ်အဆင့်ကော်မတီ ဖွဲ့စည်းပြီး ဆက်လက် ဖွဲ့ စည်းဖို့ ဖြစ်တယ် ဟိုးအရင်တုန်းကဆိုရင် တိုက်ပွဲမဖြစ်ခင်တုန်းကဆိုရင် ရှမ်းနဲ့တအာင်းက ဘာ ပွဲ ပဲလုပ်လုပ် အပြန်အလှန် ဖိတ်ကြားမှုတွေရှိတယ်ပေါ့ ဒါပေမဲ့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာက မဖိတ် တော့ဘူး အဲဒါကို အခုဟာက ပြန်လည်ဖိတ်ကြားဖို့ရယ်၊ ပြီးရင်လည်း တကယ်လို့ တိုင်းရင်း သားရိုး ရာနဲ့ ပတ်သက်တဲ့ပွဲ ပူးတွဲပြီးမှ ကျင်းပဖို့အတွက်ရယ် အဲဒါရယ်၊ ပြီးရင်လည်း ကျနော်တို့ ဒီ ငြိမ်း ချမ်းရေး ယုံကြည်မှုတည်ဆောက်မှုနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အားလုံးကို ပူးတွဲလုပ်ဆောင်ဖို့တော့ ကျနော်တို့က သဘောတူချက်ဖြစ်တယ်။” ဟု မိုင်းမျိုးအောင်မှ ပြောဆိုသည်။
ဆွေးနွေးပွဲမှ ရှေးလုပ်ငန်းစဉ် ၆ ချက်ကို အကောင်အထည်ဖော်ရန်အတွက် ပူးတွဲကော်မတီဖြစ် သည့် ဦးဆောင်ကော်မတီ ၆ ဦး၊ ဗဟိုကော်မတီဝင် ၂၂ ဦး၊ မြို့နယ်ကော်မတီ ၂၂ ဦးကို ဖွဲ့စည်း နိုင်ခဲ့သည်။
မိမိတို့ အနေဖြင့် ဒေသအတွက် အဓိကဆုံးဖြတ်ချက်ချရမည်သူများ မဟုတ်သလို ယခု ဆွေးနွေးပွဲ ပြုလုပ်လိုက်ခြင်းအပေါ်တွင်လည်း နှစ်ဖက်သော လက်နက်ကိုင်တပ်ဖွဲ့များကို ထိန်းချုပ်မှု တစ်စုံတရာ ပြုလုပ်၍ မရကြောင်း၊ မိမိတို့ လူငယ်ကဏ္ဍအနေဖြင့် မည်သည့်လုပ်ငန်းတွေကို မည်ကဲ့သို့ ပူးပေါင်း လုပ်ဆောင်ကြမည်ဆိုသည့် ဆွေးနွေးပွဲသာဖြစ်သည်ဟု စိုင်းဆိုင်မိန်းက ဆိုသည်။
ယခု ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ၁၁ မြို့နယ်မှ ရှမ်းနှင့် တအာင်း ကိုယ်စားလှယ် စုစုပေါင်း ( ၁၁၇ ) ဦး တက်ရောက်လာခဲ့သည်ဟု သိရသည်။