ပန်ဝါပေါက်ကွဲမှု တစ်စုံတစ်ရာ အရေးယူခြင်းမရှိသေး

သတင်းနှင့် မီဒီယာကွန်ရက်။
အောက်တိုဘာလ ၁၂ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ကချင်အထူးဒေသ (၁) ပန်ဝါမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးခြင်းမရှိဟု သိရသည်။

ကချင်အထူးဒေသ (၁) ပြည်သူ့စစ်သင်တန်းကျောင်းမှ ယမ်းများအား ပန်ဝါမြို့ အမှတ် (၂) ရပ်ကွက် အတွင်းရှိ တရုတ်အမျိုးသား ဦးကြည်စိုး နေအိမ်တွင်ထားရှိချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် အသက် (၁၄) နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရပြီး ၂ ဦး ပြင်းထန် စွာ ဒဏ်ရာရရှိခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက တစုံတရာ ဆောင်ရွက်ပေးခဲ့ခြင်း မရှိခဲ့ကြောင်း ကလေးငယ် (၃) ဦး ၏ မိခင်ဖြစ်သူ ဒေါ်လဗျထုပန် မှ ပြောသည်။

“ပေါက်ကွဲမှု ဖြစ်ပြီး ကျမတို့က တရုတ်ပြည်မှာ တော်တော်လေးဒုက္ခရောက်သွားတယ်။ ဝတ်စရာ၊ စား စရာ၊ နေစရာပေါ့နော်၊ ကျမတို့ မိသားစုမှာ အခုသမီးတစ်ယောက်လည်း ဆုံးရှုံးတယ်။ သားကလည်း အခုအချိန်မှာ သူက ခေါင်းတစ်အားထိသွားတယ်ဆိုတော့ နည်းနည်း စိတ်တွေ ကြောင်သွားတာပေါ့နော်၊ ညာဖက်လက် ကျိုးပြီးမှ အခုသူ တော်တော် စိတ်ဒုက္ခရောက်နေရှာတယ်။ အခု သမီးငယ်လည်း ကျောင်း တော့တက်တယ် သူတစ်ပတ်မှာ ၂ ရက်ဖြစ်စေ ၃ ရက်ဖြစ်စေပဲ ကျောင်းသွားနိုင်တယ်။ ကျောင်းကနေ မူးတယ်ဆိုပြီးမှ သူပြန်လာတဲ့အချိန်မှာ ဆရာမကို ခွင့်သွားတောင်းပေးရတယ်။ ကျောင်းနေ့တိုင်း မတက် နိုင်ဘူး။” ဟု ဒေါ်လဗျထုပန် မှ ပြောသည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အသက် (၁၄) အရွယ် မလုလုအောင် မှာ အသက်ဆုံးရှုံးခဲ့ရပြီး၊ အစ်ကိုဖြစ်သူ မောင်နော်ဆန့် အသက် (၁၆) နှစ် နှင့် ညီမ ဖြစ်သူ မဂျီးဂျီးတောင်တို့မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

မဂျီးဂျီးတောင်မှာ ဦးခေါင်းတခြမ်းပြားသွားပြီး ဦးခေါင်းခွံအစားထိုးကုထားရကြောင်း မောင်နော်ဆန့်မှာ ကိုယ်ခန္ဓာ၏ ညာဘက် တခြမ်းနှင့် ဦးခေါင်းတို့တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ မောင်နှမသုံးယောက် အိပ်နေတော့ ဗုံးကွဲတော့ အဲမှာ ဘာမှ မသိတော့ဘူး။ အကုန်လုံး မေ့ သွားတယ်၊ ပြီးတော့မှ တရုတ်ပြည်မှာ ပြန်ကုတာ၊ ကျနော်က သတိလုံးဝမရဘူး။ မြစ်ကြီးနားမှာမှ သတိ ပြန်ရတာ ခေါင်းလည်းခနခန တအားမူးတယ် ကျနော် အိပ်လို့လည်း လုံးဝမရဘူး။ နဂိုကအတိုင်းပဲ ပြန်ဖြစ်ချင်တယ်။ အဲဒါ ကျနော်လက်တွေ ကျနော် ညီမလေးရဲ့ခေါင်းတွေ အဲဒါ ညီမ လေးကလည်း ခနခန စာကျက်လို့မရဘူး သူလည်း ကျောင်းလည်း ခနခနပျက်နေရတယ် အဲဒါခေါင်းမူးလို့။” ဟု အသက် (၁၆) နှစ်အရွယ် မောင်နော်ဆန့် က ပြောသည်။

တရုတ်နိုင်ငံ ထိန်ချုံးမြို့ရှိ ဆေးရုံတွင် ၇ ရက် အကြာ ဆေးကုသခဲ့ပြီး ငွေကြေးမတတ်နိုင်သည့် အတွက် ပန်းရဲ့လမ်း လူမှုအဖွဲ့အစည်း၏ အကူအညီဖြင့် မြစ်ကြီးနား ပြည့်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကာ ဆေးကုသမှု ခံယူခဲ့ရသည်။

ဆေးကုသမှုများနှင့် ဆုံးရှုံးနစ်နာမှုများအတွက် တရုတ်ယွမ် ၂၆၀၀၀ (ခန့်မှန်း မြန်မာငွေ သိန်းလေး ဆယ်ကျော်)ခန့်ကို နစ်နာကြေးအနေနှင့် အိမ်ရှင် ဦးကြည်စိုး၏ လူများက လာရောက်ပေးခဲ့ပြီး အဆိုပါ လျော်ကြေးငွေမှာ တရုတ်ဘက်ခြမ်းဆေးရုံ တွင် ဆေးကုသရန် မလုံ လောက်သည့်အတွက် မြစ်ကြီး နား ပြည်သူ့ဆေးရုံကြီးတွင် ၂ လ နီးပါးခဲ့ ဆက်လက်ဆေးကုသ ခဲ့ရကြောင်း သိရသည်။

မော်နော်ဆန့်နှင့် မဂျီးဂျီးတောင် တို့ မောင်နှမနှစ်ဦး မြစ်ကြီးနားဆေးရုံတွင် ၂ လနီးပါးခန့် ဆေးကုသ စရိတ် မှာ သိန်း တစ်ရာကျော်ကုန်ကျခဲ့ရပြီး ယခုချိန်ထိ လစဉ် ဆေးဖိုး ၂ သိန်းခန့် ကုန်ကျနေသေး ကြောင်း မိခင်ဖြစ်သူမှ ပြောသည်။

“ဆေးဖိုးနဲ့ ဓါတ်မှန်ဖိုး လတိုင်း နှစ်ယောက်စာဆိုရင် ၂ သိန်းလောက်ကုန်တယ်။ ဆေးကလည်း အခုချိန် ထိ စားနေရတုန်း၊ တခါတလေ အခင်းလုပ်ရင်း နေ့စားသွားရင်းတောင် ကျမသတိရရင် လက်ပစ်ခြေပစ် ပစ်ပြီးမှ ထိုင်ငို တာတွေပေါ့နော။ တွေးပြီးမှ စိတ်ထဲမှာ ဘယ်လို မပြောပြတတ်လောက်အောင် ကျမ ရင် ထဲမှာခံစားရတာ ပေါ့။ ဘယ်သူမဆို ကိုယ့်သားသမီးကို ပညာတတ်လေးတွေဖြစ်စေချင်တယ်ပေါ့နော်၊ လူထွန်းကားလေး လူထူးချွန်လေး ဖြစ်စေချင်တယ်ပေါ့။ ဒါပေမယ့် သမီးမှာလည်း ခေါင်းထိထားတော့ သားဆိုရင်လည်း ယောင်္ကျားလေး ညာ ဖက်လက်က လုံးဝမ သန်တော့ဘူးဆိုတော့ ပြောမ ပြတတ် အောင်ခံစားရတာပေါ့။” ဟု ဒေါ်ထုပန် က ပြောသည်။

ဒေသတွင်းရှိ သက်ဆိုင်ရာ အာဏာပိုင်များ၊ ကချင်ပြည်နယ်အစိုးရဟောင်း၊ အစိုးရသစ်၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ဦးဇခုန်တိန့်ယိန်း(အထူးဒေသ-၁) ပန်ဝါမြို့ တို့အား အသနားခံစာ ၂ ကြိမ် တိုင် တိုင် ပေးပို့ခဲ့ကြောင်း သိရသည်။

သို့သော် ပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်သူများအား ယနေ့အချိန်ထိ ဒေသခံ အာဏာပိုင်များမှ တစ်စုံတစ်ရာအရေးယူခြင်း မရှိသေးသည့် အတွက် ထိရောက်စွာ အရေးယူပေးစေလိုကြောင်း နစ်နာသူများဖက်မှ ပြောသည်။