အစိုးရနှင့် ငြိမ်းချမ်းရေး ဆက်ဆွေးနွေးနိုင်ရေး UNFC စည်းဝေး
သတင်းနှင့်မီဒီယာ ကွန်ရက်။
အောက်တိုဘာလ ၁၃ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
NCA အပစ်ရပ်စာချူပ်လက်မှတ်မရေးထိုးကြရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ CEC အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် UNFC အဖွဲ့မှ NCA နောက်ဆက်တွဲ သဘောတူညီချက်လက်မှတ်ရေးထိုး နိုင်ရန် ငြိမ်းချမ်ရေးကော်မရှင်ထံ တင်ပြထားသည့် အချက် ၈ ချက်ကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နေပြည်တော် တွင် ဆွေးနွေးညှိနှိုင်း သွားနိုင်ရန်အတွက် အဓိက လမ်းညွန်ပေးရန် ဖြစ်သည်ဟု UNFC ဒုဥက္ကဌ နိုင်ဟံသာ က သတင်းထောက်များအား ပြောဆိုသည်။
အားလုံး အပစ်ရပ်ပြီးတော့မှ ဒီ အားလုံး အပစ်အခတ်ရပ်စဲရေးကို ခိုင်ခိုင်မာမာ ဖြစ်ဖို့။ အဲ့လို အပစ်အခတ်ရပ်စဲရေးကိစ္စမှာလည်း ဒီ စောင့်ကြည့်ရေးအဖွဲ့ကိုပေါ့နော် ဒါကတော့ နိုင်ငံတကာက ပါဝင်တဲ့ ပုံစံမျိုး ဖြစ်လာဖို့ အဲ့ဒါကိုလည်း အန်ကယ်တို့ဖက်က ကြိုးစားတယ်၊ ဘာကြောင့်လည်း ဆိုတော့ အခုက တချို့က NCA တောင် ထိုးထားတယ်နော် အခုကတော့ RCSS နဲ့ တိုက်ပွဲတွေ ဖြစ်နေတယ် ဒါက NCA ရဲ့ မခိုင်မာမှု သဘောပါပဲ၊ ကျနော်တို့ကတော့ NCA ကို ခိုင်ခိုင်မာမာ ဖြစ်စေချင်တယ်။ နောက် JMC နော်၊ အဲ့ဒီကိစ္စမှာလည်း စောင့်ကြည့်တဲ့အဖွဲ့တွေ ကောင်းကောင်း မွန်မွန်နဲ့ ဒါက ခိုင်ခိုင်မာမာ ရှိထားဖို့။
နေပြည်တော်သို့ DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၈ ဦး သွားရောက် မည်ဟု သိရသည်။
ထိုအဖွဲ့သည် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည့် တစ်နိုင်ငံလုံး ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးသည့် တစ်နှစ်ပြည့် အခမ်းအနားသို့လည်း တက်ရောက်ရန်ရှိသည်ဟုလည်း သိရသည်။
နေပြည်တော်တွင်ကျင်းပမည့် ငြိမ်းချမ်းရေး ကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း သဘောတူညီမှုရရှိပြီးနောက် ၂၄ နာရီအတွင်း ကြေညာရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတည်ဆောက်ရန်၊ သုံးပွင့်ဆိုင်ဆွေးနွေးရန်၊ ၂၁ ရာစု ပင်လုံညီလာခံမှ ဆုံးဖြတ်ချက်များအပေါ်အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ရေးဆွဲပြဌာန်းရန် ကိစ္စများ ပါဝင်သည်ဟု သိရသည်။
ထို့အပြင် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်အပါအဝင် နှစ်ဘက်လိုက်နာရမည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ တပ်ပိုင်ဆိုင်ရာကျင့်ဝတ် (CoC)၊ စောင့်ကြည့်ရေးလုပ်ငန်းလမ်းညွန် (ToR) နှင့် တပ်နေရာ ပြန်လည်နေရာချထားရေးများ ကြိုတင်သဘောတူညီမှု ရယူရန် ကိစ္စများ ပါဝင်သည်ဟု သိရသည်။
၎င်းကိစ္စများ ဆွေးနွေးညှိနှိုင်းသဘောတူညီမှု မရရှိပါက အောက်တိုဘာလ ၁၈ ရက်နှင့် ၁၉ ရက်များတွင် ရန်ကုန်မြို့ NRPC ရုံး၌ ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးအား တက်ရောက်မည်မဟုတ်ဟု ပြောဆိုသည်။
အောက်တိုဘာလ ၁၇ ရက်နေ့တွင်လည်း နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ DPN နှင့် NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့မှ ဆွေးနွေးညှိနှိုင်းရေး ပူးပေါင်းလုပ်ငန်းအဖွဲ့ CT အဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်ကိစ္စများကို ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးသွားရန်ရှိပြီး UNFC အနေဖြင့် မူလရပ်တည်ချက်အတိုင်း ဆွေးနွေးသွားမည်ဟု နိုင်ဟံသာမှ ပြောသည်။
Framework မှာတော့ အဓိကတော့ တို့ရဲ့ မူလရပ်တည်ချက်က အားလုံးပါဝင်ရေး သုံးပွင့်ဆိုင် ဖြစ်ရေးပဲ ဒါ အဓိက ကျဆုံးပဲ။
အစည်းအဝေးတွင် တောင်အာဖရိက နိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်များ သွားရောက်လေ့လာခဲ့သည့် အတွေ့အကြုံများကို ဖလှယ်ခဲ့ကြ၍ အောက်တိုဘာလ လလယ်ပိုင်းတွင် ထပ်မံ၍ သွားရောက် လေ့လာ ရန်ရှိသည့် ဆွစ်ဇလန်နိုင်ငံခရီးစဉ်အတွက်လည်း ပြင်ဆင်ခဲ့ကြသည်ဟု သိရသည်။
ယနေ့ အစည်းအဝေးကို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီ NMSP၊ ရခိုင်ပြည် အမျိုးသား ကောင်စီ ANC၊လားဟူ ဒီမိုကရက်တစ်ပါတီ LDP နှင့် ဝ အမျိုးသား အဖွဲ့ချူပ် WNO စသည့် အဖွဲ့အစည်း ၇ ဖွဲ့က ခေါင်းဆောင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဖွဲ့စည်းခဲ့သည်။